Monday, December 14, 2009

သို. ... ဖေဖေနဲ. မေမေ

မွေးနေ.ပွဲနီးလာတဲ့ ကာလတိုင်း တစ်သက်တာလုံးရဲ. ပထမဆုံး မွေးနေ.လက်ဆောင်ကို အသက် ၇ နှစ် ပြည့်တဲ့နေ.မှာ ရခဲ့ဖူးတာ မှတ်မိနေတယ်။ ဖေဖေနဲ.မေမေက ပေးခဲ့တာ။

အဲဒိနေ.က အဖြစ်အပျက်လေးကို အခုအချိန်ထိ အသေးစိတ် အမှတ်ရနေတုန်းပဲ။
သားကြီးမွေးနေ. အထိမ်းအမှတ် ဟင်းကောင်းတွေ ချက်ထားတဲ့ မိသားစုသုံးယောက်စာ ထမင်းစားပွဲခုံပုလေးမှာ မိသားစုအားလုံး ဆုံကြတဲ့အခါ "သားကြီး မျက်လုံးမှိတ်၊ လက်ဝါးဖြန်."လို. မေမေက ပြုံးပြီး ပြောတော့ တစ်ခုခု ပေးတော့မယ်လို. သိလိုက်တယ်။ ဒါပေမယ့် စိတ်လှုပ်ရှားနေတော့ မျက်လုံးတွေကို တိတ်တိတ်ဖွင့်ပြီး ခိုးကြည့်ဖို.တောင် သတိမရခဲ့မိဘူး။ လက်ထဲကို တစ်ခုခု ထည့်ပေးလိုက်တာ ခံစားရလို. မျက်လုံးဖွင့်ကြည့်တော့မှ ဘာလဲဆိုတာ မြင်လိုက်ရတာ။

စာအုပ်လေးနှစ်အုပ် ... ... ထူထူလေးတစ်အုပ်၊ ပါးပါးလေးတစ်အုပ် ... အပြာရောင်တစ်အုပ်၊ အ၀ါရောင်တစ်အုပ်။ ကတ်ထူစက္ကူရယ် ဖလင်ပြားရယ်သုံးပြီး တစ်ခါတည်း အဖုံးပါဖုံးထားတယ်။ တစ်အုပ်က သာလွန် အင်္ဂလိပ်-မြန်မာ အိပ်ဆောင် အဘိဓာန်စာအုပ်၊ နောက်တစ်အုပ်က မြန်မာစာအဖွဲ.က ထုတ်တဲ့ အလိမ္မာပုံဝတ္ထုများ ဆိုတဲ့ စာအုပ်။ အတွင်းအဖုံး စာမျက်နှာတွေမှာ ကိုယ့်နာမည်ကို ရေးပေးထားတယ်။ နာမည်အောက်မှာ ၁၂-၁၂-၁၉၈၇ ဆိုတဲ့ ရက်စွဲကိုပါ ထိုးပေးထားသေးတယ်။ အားလုံး ဖေဖေ့လက်ရေး။

ဖေဖေ့လက်ရေးက ဘုန်းကြီးကျောင်းသား လက်ရေးစစ်စစ်။ ညီညာဝိုင်းစက်နေတယ်။ ၆ တန်းကျောင်းသား အရွယ်အထိ စာအုပ်အဖုံးတွေပေါ်မှာ အမည် အတန်း ဘာသာ ကျောင်း ဆိုတဲ့ နာမည်စာတမ်းတွေ ဖေဖေရေးပေးတဲ့အခါ သူငယ်ချင်းတွေက မင်းအဖေ နာမည်ထိုးပေးတာ အရမ်းလှတယ်ကွလို. ပြောကြတယ်။ ဖေဖေ့လက်ရေးလို တူအောင် ရေးနိုင်ဖို. ကြိုးစားကြည့်ဖူးတယ်။ မရဘူး။ ဒါပေမယ့် ဖေဖေက ကန်.ကူလက်လှည့်ဆရာ ဖြစ်ခဲ့လို.လားတော့ မသိပါ။ လက်ရေးလှတယ်လို. အသိအမှတ်ပြုခံရတဲ့ ကျောင်းသား စာရင်းထဲမှာတော့ ကိုယ်ပါခဲ့တယ်။ ဖေဖေက အားလုံးသင်ပေးခဲ့ပါတယ်။

ငယ်ငယ်က ဖေဖေစာသင်ပေးခဲ့တဲ့ ကာလတွေကို မှတ်မိနေသေးတယ်။ အဲဒိအချိန်က ကစားချင်ရင် စာအရင်လုပ်ရတယ်။ မုန်.စားချင်ရင် စာဆိုပြရတယ်။ တစ်ခုခု ပူဆာချင်ရင် စာတွေအားလုံး ကြိုတင် ကျက်ထားရတယ်။ “ဖေဖေ၊ ရေခဲချောင်း စားချင်လို. ပိုက်ဆံငါးမူးပေးပါ”လို. တောင်းတဲ့အခါတိုင်းမှာ “မြန်မာနိုင်ငံသား မီးပုံးပျံသူရဲကောင်း နာမည် ဘယ်သူလဲ၊ မှတ်မိလား”ဆိုတဲ့ မေးခွန်းမျိုး ဖေဖေအမြဲ ပြန်မေးတတ်ပါတယ်။ “မီးပုံးပျံဦးကျော်ရင်”လို. အဖြေပေးနိုင်ရင်တော့ ရေခဲချောင်းစားဖို. အခွင့်အရေး အမြဲရတတ်တယ်။

ဒါပေမယ့် ဖေဖေပေးတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေတိုင်းမှာ ကိုယ့်တာဝန် ကိုယ်ကျေပွန်မှု ဆိုတဲ့ ၀တ္တရားတစ်ခု အမြဲကပ်ပါနေတတ်တယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးရဖို. ကိုယ့်တာဝန်ကို ကိုယ်အရင်ကျေရမယ်ဆိုတဲ့ အသိတရားကို ဖေဖေ ရိုက်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ရပိုင်ခွင့်တွေ ရလာဖို. မိမိအလုပ်ကို မိမိလုပ်ရမယ်။ ကျောင်းသားအတွက် ကျောင်းစာဟာ နံပါတ်တစ်ပဲလို.လဲ ဖေဖေအမြဲပြောတတ်တယ်။ ဒါ့ကြောင့် စနေ-တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ. အရုပ်ပစ်ချင်တဲ့အခါ နေ.လည်ခင်း နေပူချိန်မှာ ဖေဖေနဲ. စာလုပ်ရပါတယ်။

အဲဒိအချိန်က မိသားစုသုံးယောက် နေခဲ့ရတဲ့ ခနော်နီ ခနော်နဲ. အိမ်လေးရဲ. ခေါင်းရင်းဖက်နံရံမှာ ကျောက်သင်ပုန်းတစ်ချပ် ချိတ်ထားတာ ရှိပါတယ်။ သင်ပုန်းအပေါ် ဓနိမိုးအပေါက်က မိုးယိုလို. ကျောက်သင်ပုန်းရဲ. အပေါ်ပိုင်း ညာဖက်ထောင့်မှာ အထပ်သားပွပြီး စာရေးလို.မရတာတောင် မှတ်မိနေသေးတယ်။ ကျောက်သင်ပုန်းအောက်က ကြမ်းပြင်မှာ ယုန်ပုံလေးပါတဲ့ ဖိုးလမင်းတံဆိပ် မြေဖြူဗူး တစ်ဗူးရှိတယ်။

အိမ်မှာ ဆက်တီမရှိတဲ့အတွက် သင်ဖြူးဖျာခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ဖေဖေကထိုင်တယ်။ ကျနော်က ကျောက်သင်ပုန်းရှေ. မတ်တပ်ရပ်ရင်း ဖေဖေနှုတ်က တိုင်ပေးတဲ့ သင်ခန်းစာတွေကို အဲဒိသင်ပုန်းပေါ်မှာ မြေဖြူနဲ. ရေးပြရတယ်။ မေ့နေတဲ့အခါ ဖေဖေက ထောက်ပေးတယ်။ မှားနေတာတွေကို ပြင်ပေးတယ်။ မေမေပြင်ဆင်ပေးတဲ့ ဖေဖေ့အတွက် ရေနွေးကြမ်းရယ်၊ သားအဖနှစ်ယောက်လုံးအတွက် ပဲခြမ်းသုတ်ရယ် အနားက ကြမ်းပြင်ပေါ်မှာ အဆင်သင့် ရှိနေတတ်တယ်။ ပဲခြမ်းသုတ်စားရင်း ခဏနားလိုက်၊ တအောင့်နေရင် စာပြန်လုပ်လိုက်နဲ.ပဲ ညနေစောင်းသွားတာ များတယ်။

အဲဒီလို ကျောက်သင်ပုန်းနဲ. စာသင်ခဲ့တုန်းက သားအဖကြားမှာ တရားဝင် သတ်မှတ်မထားသော်လည်း တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ နားလည်မှုတစ်ခု ရှိခဲ့တယ်။ "သားကြီး၊ သေသေချာချာ ဂရုစိုက်နော်၊ ဒီတစ်ခါ လက်ရေးလှအောင်ရေး"လို. ဖေဖေပြောလာပြီဆိုရင် ကျနော်က "ဝေးဟေးးဟေးးးး"လို. ၀မ်းသာအားရ အော်တတ်တယ်။ အဲဒီအချိန်မှာ ဖေဖေကလဲ ပြုံးပြီးကြည့်နေတတ်တယ်။ ဘာလို.လဲဆိုတော့ လက်ရေးလှပြီးသား သားကြီးကို လှအောင်ရေးခိုင်းပြီဆိုရင် သေချာတယ်။ ဒီနေ.အဖို. ဒီတစ်ခေါက်ရေးရတာ နောက်ဆုံးဖြစ်မယ်။ ဒီနေ.အတွက် စာသင်ချိန်ပြီးလို. ကစားချိန်ကို ရောက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်လဲ ဖြစ်တယ်။

နောက်ဆုံးရေးတဲ့စာတွေက သင်ပုန်းပေါ်မှာ မဖျက်မချင်း ရှိနေမှာလေ။ အိမ်ကိုလာတဲ့ ဧည့်သည်တိုင်း ကျောက်သင်ပုန်းကို ကြည့်ပြီး “ခင်ဗျားသား လက်ရေးက ဘယ်ဆိုးလို.လဲဗျ။ တော်တော်လှသားပဲ”လို. ပြောတာကို ဖေဖေရော မေမေပါ ပြုံးပြုံးကြီး နားထောင်ချင်ကြတယ်။ နှစ်ယောက်စလုံးက သားအတွက် ဂုဏ်ယူချင်ကြတဲ့ သူတွေ ဖြစ်တယ်။ မိဘတာဝန်ကျေအောင် တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့ပြီး မျှော်လင့်ချက်တွေလည်း အများကြီးထားခဲ့ကြတယ်။

အသက် ၇ နှစ်အရွယ် သားကို စာအုပ်လက်ဆောင် ပေးခဲ့တဲ့ မိဘနှစ်ပါးရဲ. သားသမီးအပေါ်မှာထားတဲ့ မျှော်လင့်ချက်နဲ. ရည်မှန်းချက်တွေ၊ ဒီမျှော်လင့်ချက်အတွက် ပေးဆပ်ခဲ့တဲ့ အနစ်နာခံမှုနဲ. ပံ့ပိုးမှုတွေ၊ ဒါတွေကို ပြန်တွေးမိတိုင်း ကြက်သီးဖြန်းဖြန်း ထရတယ်။

မေမေနဲ.ပက်သတ်ပြီးတော့လဲ သတိရနေတာ တစ်ခုရှိတယ်။ ခြံစည်းရိုးမရှိတဲ့ မူလတန်းကျောင်းလေးမှာ ကျောင်းတက်ရတုန်းက စာမေးပွဲဖြေတဲ့ အခါတိုင်း စာမေးပွဲခန်းရဲ. ပြတင်းပေါက်ဝမှာ ကျောင်းသားတွေရဲ. အမေတွေ စုပြုံတိုးဝှေ.နေတတ်ကြတယ်။ သားသမီးမျက်နှာကို ကြည့်ပြီး ဖြေမှဖြေနိုင်ရဲ.လား၊ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေရဲ.လားဆိုတဲ့ ပူပင်သောကတွေနဲ. ကိုယ့်သားသမီးမျက်နှာကို အမေတော်တော်များများ ခြေဖျားထောက် ကြည့်ခဲ့ကြပါတယ်။ အဲဒိအမေတွေထဲမှာ ကျနော့်မေမေ အသည်းဆုံး ဖြစ်မယ်လို. ထင်မိတယ်။ စိတ်ပူနေတဲ့ မျက်လုံးတွေနဲ. ဖြေပြီးသားစာတွေ ပြန်စစ်ဖို. အချက်ပြနေတဲ့ မေမေ့မျက်လုံးတွေကို အခုထိ မှတ်မိနေသေးတယ်။

ဖေဖေကတော့ စိတ်ပူတာထက် ယုံကြည်မှုက ပိုပါတယ်။ များသောအားဖြင့် စာမေးပွဲရက်တွေမှာ အသွားကို စက်ဘီးနဲ.လိုက်ပို.ပြီး အပြန်မှာ အိမ်ကပဲ စောင့်နေတတ်တယ်။ သူ.သားဘာတွေ ရတယ်ဆိုတာသိတယ်။ ဘာမရဘူးလဲသိတယ်။ ကျနော် မူလတန်း ကျောင်းသား ဘ၀က ဖေဖေဟာ မေးခွန်းစာရွက်ကို ကြည့်ပြီး သူ.သားကြီး ဘယ်နှစ်မှတ်ရမယ်ဆိုတာ အနီးစပ်ဆုံး မှန်အောင် အမြဲ ခန်.မှန်းနိုင်ခဲ့တယ်။

မွေးနေ.လက်ဆောင် ရခဲ့တဲ့ အလိမ္မာပုံဝတ္ထုများ ဆိုတဲ့ စာအုပ်ကလေးဟာ ကျနော့်ရဲ. စာဖတ်ဝါသနာကို မျိုးစေ့ချပေးခဲ့တဲ့ အရာတစ်ခုပါ။ အဲဒိဝါသနာကို ဆက်ပြီးရှင်သန်စေတာလည်း ဖေဖေနဲ.မေမေပါ။ ၇တန်းကျောင်းသား ဘ၀အထိ ရွှေသွေးဂျာနယ်ကို အင်္ဂလိပ်စာ လေ့လာလို.ရအောင် အပတ်စဉ် မှာပေးခဲ့တယ်။ စာပေဗိမာန် စာအုပ်အသင်းမှာ အသင်းဝင်ပေးပြီး စာအုပ်ထွက်တဲ့ အခါတိုင်း သွားယူပေးခဲ့တယ်။ ၁၇ နှစ်သား အရွယ်အထိ မြ၀တီဂျာနယ်နဲ. နိုင်ငံတကာရေးရာ ဂျာနယ်တွေကို ရှာဖွေဝယ်ယူပေးခဲ့တယ်။ သတင်းစာတွေ ဖတ်ခိုင်းခဲ့တယ်။ အိမ်ထဲမှာနေရတဲ့သားကို စာအုပ်တွေကတစ်ဆင့် နိုင်ငံတကာနဲ. ထိတွေ.ခွင့်ပေးခဲ့တယ်။

တကယ်တော့ ဖေဖေနဲ.မေမေ နှစ်ယောက်စလုံးဟာ ဘွဲ.ရသူတွေ မဟုတ်ကြပါ။ ဒါပေမယ့် လက်တွေ. ပညာရှာနည်းကို သူတို.ကိုယ်တိုင် သင်ပေးနိုင်ခဲ့တာကို စဉ်းစားမိတိုင်း ကျနော့်မှာ အံ့သြရပါတယ်။

ကိုးတန်းကျောင်းသားဘ၀က တပ်မတော်နေ. ကျပန်းစကားပြောပြိုင်ပွဲမှာ ရန်ကုန်တိုင်းအဆင့် ဒုတိယရတော့ ကျောင်းက ကျနော်အတွက် ဂုဏ်ပြုပွဲ လုပ်ပေးပါတယ်။ အဲဒိပွဲမှာ ကျနော်က အခုဆုကို ကျနော်မယူပဲ ကျနော့်ဖေဖေ တက်ယူသင့်ပါတယ်လို. ပြောတော့ ဖေဖေနဲ.မေမေအပါအ၀င် ပရိသတ်အားလုံး ၀ိုင်းရယ်ခဲ့ကြတာ အခုထိ မှတ်မိနေဆဲပါ။

တကယ်တော့ အဲဒိအချိန်က ကျနော်ပြောခဲ့တာ ဟာသအနေနဲ. မဟုတ်ခဲ့ပါ။

ကျနော့်ဖေဖေနဲ. မေမေသာ သာမန်မိဘတွေဖြစ်ခဲ့ရင် ကျနော့်မှာ အဲဒိလောက် လုပ်နိုင်စရာ အခြေအနေမျိုး ရှိလာနိုင်ဖို. မလွယ်လှပါ။

ဒါကို ကျနော်သာ အသိဆုံးပါ။
… …

သို.
ဖေဖေနဲ.မေမေ

အခုအချိန်မှာ သားရရှိပိုင်ဆိုင်ခွင့် ရနေတာတွေ အားလုံးအတွက် … … ကျေးဇူး အထူးပါ။ ။

သတိရခြင်းများစွာဖြင့်
သားကြီး ကျော်စွာ