Saturday, October 23, 2010

သီရိမင်္ဂလာ နံနက်ခင်း

လန်ဒန်ရာသီဥတု ယခုရက်ပိုင်း အတော်ပြောင်းသည်။ နေမြင်ရချိန် နည်းသွားပြီး ကောင်းကင်တစ်ခွင်လုံး မှိုင်းမှိုင်းဝေ တိမ်တိုက်တို. ညိုနေသည်က များလေ၏။ မိုးသားတို. ပြိုမလို မှောင်မှောင်ရီ ညိုလေသောအခါ တစ်ကိုယ်တည်းကျနော့်မှာ အဝေးမှ ချစ်သူကို တမ်းတမိပါသည်။ သို.သော် အလုပ်လုပ်နေသည့် ချစ်သူကို ဖုန်းလှမ်းခေါ်ရန် မဖြစ်နိုင်သောအခါ လွမ်းမိသည့်အခါတိုင်းမှာ စာတွေသာ လှိမ့် ဖတ်နေရပါသည်။

ယခုကောက်ကိုင်မိသည့် စာအုပ်မှာ အင်္ဂလိပ်သတင်းစာဆရာတစ်ဦးက လန်ဒန်မြို.ရှိ ကော်လာပြာ လုပ်သားများကို လေ့လာရေးသားထားသော ယူကေနိုင်ငံထုတ် "London's Underpaid Armies" ဆောင်းပါးများပေါင်းချုပ် ဖြစ်ပါသည်။ ထိုဆောင်းပါးများကို ဖတ်ရင်းက မိမိ၏ ရန်ကုန် ကော်လာပြာ လုပ်သားများဘ၀ documentary လုပ်လက်စများကို သတိရလာပါသည်။ သတိတရ ရှိခိုက် Documentary လုပ်ရန် ရည်ရွယ်ထားသော script များကို ပြန်လည်မွန်းမံပြီး စာမျက်နှာပေါ်တွင် တင်ဆက်လိုက်ပါသည်။

ကျနော်တို. မိခင်ရင်ခွင်တွင် ပြန်လည်ခြေချခွင့် ကြုံခဲ့ပါလျှင် ယခုစာများအား ရုပ်သံဖန်သားပြင်ထက်သို. ရောက်အောင် တင်ဆက်ပါမည်။ ယခုတော့ စာသားများနောက်မှ ကျနော့်ကင်မရာကို မှန်းဆရင်း ရန်ကုန်မြို.ကို လည်ပတ်စေသည့် လူသားယန္တယားအချို.နှင့် စီးဝင်လိုက်ပါ လေ့လာကြည့်ကြပါခင်ဗျာ။

............. ..................... ...........................

နိုးတစ်ဝက်အိပ်တစ်ဝက် မက်တပ်ရပ်လျှက် ငိုက်မျည်းနေကြသော အမျိုးသမီးတစ်စုရှေ.တွင် ဒိုင်နာတစ်စီး ထိုးရပ်လာ၏။ အတန်ကြာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော မှတ်တိုင်ကလေးသည် ထိုခဏတွင် ခေတ္တမျှ သက်ဝင်လှုပ်ရှားသွားလေသည်။ နွမ်းဖတ်ဖတ် အနွေးထည်များအား ကိုယ်စီ ၀တ်ဆင်ထားကြသည့် အမျိုးသမီးများကို ဒိုင်နာကားခြေနင်းခုံ ခပ်မြင့်မြင့်ပေါ်သို. တက်ရလွယ်ကူစေရန် ယာဉ်နောက်လိုက်က တက်ကြွသောအသံ၊ မြန်ဆန်သော လှုပ်ရှားမှုဖြင့် ဆွဲတင်ပေးသည်။ အမျိုးသမီးများနှင့် အတူပါလာသော ဆွဲခြင်းများ၊ တောင်းများ၊ ဗန်းများကို ဒိုင်နာကား နောက်မြီးတွင် ခိုင်မြဲအောင် ချည်နှောင်လိုက်၏။ နေ.စဉ်လုပ်ငန်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဇာတ်တိုက်ရန်မလို၊ အပိုအလိုမရှိဘဲ မကြာမီပင် မီးရောင်များ ထိန်နေသော ကားကြီး ဆက်လက်ထွက်ခွာလေသည်။

မီးကြီးထိုးပြီး အပြင်းမောင်းနှင်နေသော ဒိုင်နာကားကြီးမှအပ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေသေးသည်။
အချိန်က မနက် ၃ နာရီ။

ဤအမျိုးသမီးတစ်စုကို တင်ဆောင်လာသော ၁၀၂ ဒိုင်နာကားသည် မြောက်ဥက္ကလာပမှ သီရိမင်္ဂလာဈေးသို. ပြေးဆွဲမည်ဖြစ်သည်။ မနက်စောစောထွက်သော ထိုကားများကို ကားလိုင်းများက ခေါင်ကား (ဂေါင်ကား) ဟုခေါ်ပြီး ပုံမှန်စီးနင်းသူများက ဈေးကြိုကားဟု ခေါ်ကြသည်။ ရန်ကုန်မြို.ကြီးတစ်မြို.လုံး အိပ်စက်နေချိန်တွင် ထိုသို.သော ဈေးကြိုကားများသည် မြို.နယ်အသီးသီးရှိ လမ်းကြိုလမ်းကြားများမှ ထွက်လာကြပြီး ရန်ကုန်မြို.၏ အဓိကညဈေးနှစ်ခုဖြစ်သည့် သီရိမင်္ဂလာကုန်စိမ်းဈေးနှင့် ဗဟိုစံပြငါးဈေးတို.တွင် စုဆုံကြသည်။

ထိုကားများကို ပုံမှန်စီးနင်းကြသူ အများစုသည် ရန်ကုန်မြို.ဈေးအသီးသီးမှ ကုန်စိမ်းရောင်းချသူများ၊ ငါးရောင်းချသူများ ဖြစ်ကြသည်။ မနက် ၆ နာရီ ဈေးဦးဖွင့်ချိန်အမီ ဆိုင်ခင်းကျင်းနိုင်ရန် ထိုအမျိုးသမီးများသည် ၂ နာရီမထိုးမီ အိပ်ယာမှ နိုးထခဲ့ကြရသည်။ ထို.ကြောင့်လည်း ကားတိုင်းလိုလိုတွင် ပါလာသော အမျိုးသမီးတိုင်းကို လေ့လာကြည့်လျှင် အိပ်စက်ငိုက်မြည်းရင်း လိုက်ပါလာကြသည်ကို တွေ.ရမည်ဖြစ်သည်။

မြောက်ဥက္ကလာခြောက်ကွေ.မှ စတင်ထွက်ခွာလာသော ထိုကားသည် န၀ဒေးရုပ်ရှင်ရုံ မရောက်မီ လူများ၊ ဆွဲခြင်းလွတ်များ၊ ခြင်းတောင်းလွတ်များဖြင့် ပြည့်နှက်သွား၏။ သို.သော် ကိစ္စမရှိ။ ရှေ.မှ ကုန်းမြင့်သာ၊ ရှစ်မိုင် စသော မှတ်တိုင်များသည် ကုန်စိမ်းရောင်းချသူများ နေထိုင်ရာနေရာ မဟုတ်သဖြင့် နောက်ခရီးသည်ကိုလည်း မျှော်ရန် မဖြစ်နိုင်တော့ပြီ။

သတ်မှတ်လမ်းကြောင်းဖြစ်သည့် ကျိုက်ဝိုင်းလမ်း၊ အင်းစိန်လမ်းအတိုင်း သမိုင်း၊ လှည်းတန်းမှ မသွားဘဲ ပြည်လမ်းမှဖြတ်မောင်းရန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို. အင်တာကွန်းမှတစ်ဆင့် တိုင်ပင်အတည်ပြုလိုက်ကြ၏။ စောစောရောက်လျှင် သီရိမင်္ဂလာဈေးရှေ.မှ ကောင်းကင်ရိပ် လက်ဖက်ရည်ဆိုင်တွင် ကျစိမ့်တစ်ခွက်ကို ဇိမ်ခပ်သောက်ရင်း ညကလွတ်သွားသည့် ပရီးမီးယားလိဂ်ပွဲကို ပြန်လည်ကြည့်ရှုနိုင်မည်ဟု ယာဉ်မောင်းဖြစ်သူက တွေးလိုက်သည်။

ရှစ်မိုင်လမ်းဆုံတွင် မီးပွိုင့်မိနေခိုက် အနားကပ်လာသည့် ချာတိတ်ထံမှ ထုံးစံအတိုင်း ရွှေပန်းနှစ်ကုံးနှင့် စံပယ်နှစ်ကုံးကိုယူပြီး နောက်ကြည့်မှန်တွင် ချိတ်သည်။ မီးစိမ်းသော်လည်း ပွိုင့်တွင် မိမိကားတစ်စီးသာ ရှိနေသဖြင့် ယာဉ်နောက်လိုက်ထံမှ ကောင်ကလေး ငွေယူပြီးသည်အထိ အေးအေးဆေးဆေး စောင့်နေလိုက်သည်။ ပြီးမှ ပြည်လမ်းဖက်သို. ချိုးချလိုက်သည်။ လမ်းကောင်းကောင်းတွင် ကားရှင်းနေချိန် မောင်းရသောကြောင့် သီရိမင်္ဂလာဈေးကြီးသို. နောက်ထပ် မိနစ် ၃၀ အကြာတွင် ရောက်သွားလေသည်။ ဒါတောင် အေဒီလမ်းမီးပွိုင့်တွင် ယာဉ်ထိမ်းရဲကို ယာဉ်နောက်လိုက်က နှစ်ရာတန်တစ်ရွက် ပြေးပြီး ပေးသည့်အချိန် ပွန်းသွားသေးသည်။

တိတ်ဆိတ်ငြိမ်သက်ပြီး အမှောင်ကျနေသည့် ရန်ကုန်တစ်မြို.လုံးနှင့် ဆန်.ကျင်စွာ သီရိမင်္ဂလာဈေးကြီးကား တောက်ပသော လျှပ်စစ်မီး အလင်းရောင်အောက်တွင် ဆူညံသက်ဝင် လှုပ်ရှားနေလေ၏။ အနယ်နယ်အရပ်ရပ်မှ ကုန်စိမ်းမျိုးစုံ တင်ဆောင်လာသော ဆယ်ဘီးကားအချို.လည်း ကုန်ချဆဲ၊ ကုန်သည်များလဲ ငွေရေတွက်ဆဲ ရှိနေသေးသည်။ ထိုကားတို.၏ တစ်ဖက်ခြမ်းတွင်မူ မြို.တွင်းသွား ခရီးသည်တင်ကားများ စီရရီ တန်းစီ ထိုးထားကြသည်။ အများစုက ဒိုင်နာများဖြစ်ပြီး ချက်ကြီးခေါ် ချက်ဘလက်ဗိုက်ပူများလည်း တစ်စီးနှစ်စီးစ ပါလေ၏။

ကြံ့ဖွံ.ရုံးရှေ.ရှိ သံဆူးကြိုး အတားအဆီး နေရာမှလွဲပြီး ကျန်နေရာများတွင် ကားများပြည့်နေသည်။ လွန်ခဲ့သောနှစ်ဆန်းက နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအား လူတစ်စုက ဤကြံ့ဖွံ.ရုံးရှေ.မှာပင် အသေ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးကတည်းက ဈေးရှေ.ရှိ ကားရပ်ရန်အကောင်းဆုံးနေရာကို သံဆူးကြိုးများဖြင့် ပိတ်ကာလိုက်ကြသည်။ နောက်ဆုံးတော့ မထူးတော့ပြီမို. လမ်းကြားထဲသို. ကားဝင်ရပ်လိုက်ရသည်။ ပြန်အထွက်တွင်တော့ စိတ်ရှုပ်ပြီး အချိန်ကုန်ရပေဦးမည်။

ကားရပ်သည်နှင့် ကုန်စိမ်းသည်မတို.ကား ဈေးထဲဝင်ပြီး ပွဲရုံဆိုင်တစ်ခုမှတစ်ခု ကူးကာသန်းကာဖြင့် တစ်နေ.တာ ရောင်းချရင်းနှီးဖို.အရေး ရှာကြ၊ ရွေးကြလေပြီ။ ကားသမားများအဖို. ခေတ္တနားနေချိန် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ကြိုရောက်နေသော မိတ်ဆွေ ဒရိုင်ဘာများရှိရာ စားပွဲတွင် ၀င်ထိုင်လိုက်၏။ မကြာမီ ကျစိမ့်တစ်ခွက် ရောက်လာသည်။ ဤဆိုင်တွင် လက်ဖက်ရည် မှာရန်မလို။ မိမိတို.အားလုံးကို ဆိုင်ဝန်ထမ်းများက အကြိုက်နှင့်တွဲပြီး မှတ်မိနေသည်။ တီဗီမှ ချစ်သောမဏိစန္ဒာ သီချင်း ဖွင့်ထားသောကြောင့် ဘောလုံးပွဲလိုင်းကို ပြောင်းပေးရန် ကောင်တာကို လှမ်းပြောရာ အခြေအနေအရ စလောင်းခဏ ဖြုတ်ထားသည်ဟု ပြန်ဖြေ၏။ ဘောလုံးပွဲ မကြည့်ရသဖြင့် သူစိတ်ညစ်သွားပြီး မင်းတို.က တစ်ခါလာလဲ မဏိစန္ဒာပဲဟု ပြောမိပြောရာ ပြောပစ်လိုက်သည်။ ခဏအကြာတွင်တော့ သူ.အကြိုက် မြန်မာပြည်သိန်းတန်၏ ရွှေသုန္ဒရီ သီချင်းကို ကြားရလေသည်။

ယာဉ်နောက်လိုက်ဖြစ်သူကတော့ ကားပါကင်ထိုးပြီးကတည်းက ထုံးစံအတိုင်း ယာဉ်မောင်းကို လက်ညှိုးတစ်ချောင်းထောင်ပြပြီး ပျောက်သွားပြီဖြစ်၏။ လက်ညှိုးတစ်ချောင်းသည် တစ်ဆက်ရှင်ဟု သူတို.နားလည်ထားသည့် တစ်နာရီတိတိအချိန်တွင် ပြန်လာမည်ဟု ဆိုလိုရင်းဖြစ်သည်။ ဈေးအပေါ်ထပ်ရှိ အနှိပ်ခန်းမှောင်မှောင်လေးတွင် ခဏတာ အပန်းဖြေမည်ဟု ထင်လိုက်မိသည်။ အရင်းပြုတ်နေသော ကုန်စိမ်းသည်မ ငယ်ငယ်ရွယ်ရွယ်တစ်ဦးနှင့် ငြိနေခြင်းကြောင့် ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်သည်။

သို.သော် ကိုယ့်သမိုင်း ကိုယ်ရေးကြသူချင်း ဘာမှဝင်ပြောရန် မရှိချေ။ မိမိလည်း ငယ်စဉ်က ဆိုးခဲ့ပေခဲ့၏။ စပယ်ယာဘ၀မှ ယခုဂွေကိုင်ရပြီး မိသားစုလဲရ အရွယ်လဲ ကျလာချိန်တွင်တော့ မဆိုင်သည့်ကိစ္စ တော်တော်များများကို မမြင်ဟန်သာ ဆောင်နေခဲ့တော့သည်။ အခုကိစ္စမျိုးကတော့ မမြင်ဟန် မဆောင်လို.လဲမဖြစ်။ ခေါင်းခန်းတက်စီးပြီး အအေးခန်းဧည့်ရိပ်သာများ အနီးတ၀ိုက်တွင် ဆင်းသွားတတ်ကြသည့် စုံတွဲငယ်ငယ်လေးများကို ကိုယ်က သွားဆုံးမလို. ရသည်မဟုတ်ပေ။ ကိုယ်က သူတို.ပိုက်ဆံယူပြီး ထမင်းစားရသူသာ ဖြစ်သည်။

သီရိမင်္ဂလာကုန်စိမ်းဈေးသည် စီးပွားရေးကောင်းသည့် ဈေးကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး အလုပ်လုပ်ကိုင်သူ များပြားလှသည်။ ငွေရှာ၍ကောင်းသလို ရှာဖွေရရှိသည့်ငွေကို ပြန်လည်နှိုက်ယူထားမည့် အရာပေါင်းစုံကလဲ အဆင်သင့်ဖြစ်သည်။ စည်ပင်မှ ဈေးသစ်ကြီးဖွင့်ပြီး မကြာမီ ဟက်ပီးဝေါခေါ် ကစားကွင်းကြီးကို ဈေးအပေါ်ထပ်တွင် ပထမဆုံး လိုင်စင်ချထားပေးလိုက်သည်။ ထို.နောက်တွင်တော့ အခန်းများကို နာရီပိုင်းရယူနိုင်သည့် ဈေးပေါပေါ တည်းခိုခန်းတစ်ခု ထပ်ပေါ်လာသည်။ ယခုတော့ ဗျုတီဆလွန်းအမည်ခံ အနှိပ်ခန်းများလည်း ရှိလာပြီး ငွေသာရှိလျှင် ဘာမဆိုဖန်တီးနေနိုင်ပြီ ဖြစ်သည်။

တည်းခိုခန်းနှင့် ဗျုတီဆလွန်းတို.ကဲ့သို. ဈေးအုပ်ချုပ်ရေးမှ ချပေးထားသော တရားဝင် လုပ်ငန်းလိုင်စင်များက အမှောင်ကမ္ဘာတွင် အလုပ်အကိုင်ပေါင်း များစွာ ထပ်မံဖန်တီးပေးထားသည်။ ရောင်းသူဝယ်သူ အသံတူဖို.တော့လိုသည်။ ဘာပြသနာမှ မဖြစ်သရွေ. အောက်ထပ်မှ စည်းကမ်းမဲ့ ဈေးသည်များကို ဆူပူကြိမ်းမောင်းတတ်သည့် ရဲသားများကလဲ အပေါ်ထပ်ရှိ ဆိပ်ငြိမ်ရာလေးသို. လာလေ့မရှိပေ။ ရံဖန်ရံခါ လာရောက် အပန်းဖြေခြင်းမျိုးသာ ရှိချင်ရှိမည်။ သာမန်အချိန်များတွင်တော့ မြေညီထပ်ရှိ သူတို.၏ ကင်းရုံလေးအတွင်း အေးအေးလူလူ နားနေကြပေလိမ့်မည်။ ကိုယ့်အထာနှင့်ကိုယ်၊ ကိုယ့်ချိတ်နှင့်ကိုယ်၊ ကိုယ့်ဂွင်ကိုယ်ပိုင်သလို ရှင်သန်လှုပ်ရှားကြသော နေရာစစ်စစ် ဖြစ်လေသည်။

ထိုသို. ရဲသားများ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အေးအေးလူလူ နားနေချိန်တွင်တော့ ကုန်စိမ်းဒိုင်လုပ်သားများ၊ အထမ်းသမားများနှင့် ကုန်စိမ်းသမများမှာ အော်ကြရောင်းကြ၊ ရွေးကြဆစ်ကြ၊ ၀ယ်ကြသယ်ကြနှင့် အသီးသီးအသက အလုပ်ရှုပ်နေရလေသည်။ ဒိုင်များအချင်းချင်းလဲ ဈေးစနည်းနာကြ၊ ကုန်စိမ်းသည်များလဲ တစ်ဒိုင်ဝင် တစ်ဒိုင်ထွက် ဈေးမေးကြ ဆစ်ကြ ရွေးကြဖြင့် တိတ်ဆိတ်စွာ အိပ်မောကျနေသည့် ပြင်ပလောကမှ ရန်ကုန်သားများကို လျစ်လျုရှုထားကြလေသည်။

မနက် ငါးနာရီတိတိတွင် ကားရပ်ထားရာ၌ အားလုံးပြန်ဆုံကြသည်။ ရံဖန်ရံခါ အထမ်းသမား တစ်ဦးဦးက ထမ်းခိုင်းလိုက်သည် ကုန်စိမ်းခြင်းကို လစ်ပြေးသည့်အခါ ပြာယီးပြာယာ ဗျာများရတတ်ပါသည်။ ထိုအခါမျိုးမှာ ရဲကင်းသို.သွားရန်မလို။ ကိုလတ်ဟုခေါ်သည့် လူမိုက်ခေါင်းဆောင်ကိုသာ အမြန်ရှာကာ ငွေလေးရာ ပေးလိုက်ပါ။ အချိန်မဆွဲရန်သာလိုသည်။ မိမိပစ္စည်း မပွန်းမပဲ့ မပျောက်မရှ ပြန်ရပါလိမ့်မည်။ ကြုံကြိုက်လျှင် နားရင်းဖျောင်ဖျောင် တီးသံကို နားထောင်ရင်း သီရိမင်္ဂလာဈေး ကုန်ထမ်းသမားများ၏ စည်းကမ်းထိမ်းသိမ်းရေး လမ်းစဉ်ကို လေ့လာခွင့် ကြုံပါလိမ့်မည်။ သို.သော် သွေးသံရဲရဲ မကြည့်ရဲသူများကတော့ မြ၀တီမှ လက်ဝှေ.ပွဲ ကြေငြာသလို မိမိတို.တီဗီ ခလုတ်များကို ကြိုပိတ်ထားရန် လိုလေသည်။

အားလုံး လူစုံလျှင်တော့ အပြန်ခရီးစဉ် စကြပြီ။ အချိန်ကလဲ ငါးနာရီ ကျော်ပြီ။ လူတစ်ချို.လဲ လမ်းပေါ်ထွက်ပြီ။ မြောက်ဥက္ကလာပ လမ်းကြောသို. အပြန်ကားများကတော့ ဆင်မလိုက်၊ လှည်းတန်း၊ သမိုင်းနှင့် ရှစ်မိုင်ကဲ့သို. မှတ်တိုင်များကို အားထားရပါသည်။ လူရတတ်သော ထိုနေရာများတွင် ခဏတဖြုတ် ရပ်လေ့ရှိသည်။ သို.သော် ပုံမှန်ကတော့ ခြောက်နာရီမထိုးခင် မိမိတို. မှတ်တိုင်များသို. ပြန်ရောက်လေ့ ရှိသည်ပင်ဖြစ်သည်။

အလာတုန်းက မှောင်ကုပ်ကုပ် မှတ်တိုင်ကလေးသည် အပြန်တွင်တော့ လင်းလင်းချင်းချင်း ရှိနေပြီ။ သို.သော် အအေးဓာတ်နှင့် တိတ်ဆိတ်မှုက ကျန်နေဆဲဖြစ်၏။ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းသည်က မောင်းထွက်သွားပြီဖြစ်သည့် ဒိုင်နာကား အင်ဂျင်သံနှင့် ဈေးသမများကို စောင့်ကြိုနေသည့် ဈေးကြိုဆိုက်ကားများမှ ကလင်ကလင် အသံများပင်ဖြစ်သည်။ မှတ်တိုင်ကလေးသည် ထိုခဏတွင် ခေတ္တမျှ ထပ်မံသက်ဝင် လှုပ်ရှားရပြန်လေသည်။ ပြီးလျှင် ခဏတော့ ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားပေဦးမည်။

မိမိတို.ကုန်စည်များကို ဆိုက်ကားပေါ်တင်ရင်း မှတ်တိုင်ကလေးကို နောက်ချန်ထားခဲ့သော ကုန်စိမ်းသမများအဖို.မူ တစ်နေ.တာအတွက် လှုပ်ရှားရုန်းကန် ရှေ.ဆက်ရဦးမည်။ နောက်တစ်နေ.တွင်လည်း ဤမှတ်တိုင်ကလေးသို. အချိန်မှန် ပြန်ရောက်ရဦးမည်။ ဘ၀၏ တစ်နေ.တာကို မပြောင်းမလဲ အားခဲရှေ.ဆက်ရဦးမည်။

မှတ်တိုင်ကလေးကတော့ လူသားတို.၏ ရိုးစင်းလှသော ဘ၀ကို အံ့သြတကြီး စောင့်ကြည့်နေမည်လား မပြောတတ်ပါချေ။ ။

ကျော်ဇွ
၁၈ အောက်တိုဘာ ၂၀၁၀

Saturday, October 16, 2010

ငါသည်ယာလက်ဖြင့်ဆန်စပါးရိက္ခာကိုပေးအံ့၊ ၀ဲလက်ဖြင့်ဝတ်စားတန်ဆာပေးအံ့။

ယနေ. Chile နိုင်ငံ တစ်ခုလုံး အောင်ပွဲခံသည်။ Chile နိုင်ငံ၏ အောင်ပွဲကို တစ်ကမ္ဘာလုံး စောင့်ကြည့် မုဒိတာ ပွားကြသည်။ မြေအောက်၌ နှစ်လကျော် ပိတ်မိနေသော မိုင်းတွင်းလုပ်သားများ မြေပြင်ပေါ်သို. ချောချောမွေ.မွေ. ပြန်ရောက်သောနေ. ဖြစ်သဖြင့် ၄င်းတို.အဖို. မင်္ဂလာရှိသော နေ.တစ်နေ. ဖြစ်သည်။ ကယ်တင်ခံ မိသားစုများ၏ ပြန်လည်ပေါင်းစည်းမှု အပျော်ကို တွေ.မြင်ရသူများလည်း မျှဝေခံစားနိုင်ကြလေသည်။

အပျော်ဖုံးသောစိတ်ဖြင့် သတင်းများ၊ ရုပ်ပုံများကို ကြည့်ရင်းက အတွေးနယ် ချဲ.မိသည်။ တွေးရင်းက ဆင်ခြင်စရာ အလားတူ ဖြစ်ရပ်များ ခေါင်းထဲသို. ၀င်လာ၍ ဤစာစုကို ရေးပါ၏။ ဖတ်ရှု သုံးသပ် ဆွေးနွေး ဆုံးဖြတ်တော်မူကြပါကုန်။

…………………. ………………….. ……………………..

အီရတ်စစ်ပွဲကာလက ဖြစ်ပါသည်။ ဘဂ္ဂဒက်မြို. ကျပြီးသော်လည်း အမေရိကန်တပ်တို. အုပ်ချုပ်ရေးတွင် မစိုးမိုးနိုင်သေး။ မြေပြင်တိုက်ပွဲများ ဆင်နွှဲနေရသေးသည်။ စစ်အပြင်းတိုက်ရင်း အုပ်ချုပ်ရေး ယန္တယားကို အမြန်တည်ဆောက်နေရသည့် ကာလ ဖြစ်သည်။ အိမ်ရှင်တို.၏ ပြန်လည်တုံ.ပြန်မှုကလဲ ပြင်းထန်လှသည်။ အီရတ်ပြောက်ကျားများဖက်က ဖမ်းဆီးရမိသွားသော ဓားစာခံများ အရှင်ပြန်လွတ်သည်ဟူ၍ မရှိပေ။ ထိုသို. ဆိုးဝါးလှသော အခြေအနေတွင် စိတ်ဝင်စားဖွယ် နိုင်ငံရေး အနေအထားတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

အမေရိကန်ကုမ္မဏီအတွက် အီရတ်တွင် အလုပ်လုပ်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ထရပ်ကားမောင်းသူ အရပ်သား တစ်ဦးအား ဆက်ဒမ်ဟူစိန် ထောက်ခံသူ ပြောက်ကျားများက ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ဖိလစ်ပိုင်သည် အမေရိကန်၏ အမာခံ မဟာမိတ်ပီပီ အီရတ်စစ်ပွဲကို ထောက်ခံခဲ့သူ ဖြစ်သည်။ ဖိလစ်ပိုင်စစ်တပ်မှ ကျွမ်းကျင်ပညာရှင်များကို အီရတ်စစ်ပွဲအတွက် စေလွှတ်ထားခဲ့သည်။ ထိုတပ်သားအားလုံးကို အီရတ်မှ ပြန်ရုတ်သိမ်းရန် ပြန်ပေးဆွဲသူများက တောင်းဆိုခဲ့ကြ၏။

ပြန်ပေးဆွဲခံရသော ထိုထရပ်ကား ဒရိုင်ဘာကို တစ်ကမ္ဘာလုံးရှိ စောင့်ကြည့်လေ့လာသူ အများအပြားက အသေဟုသာ တွက်ထားလိုက်ကြသည်။ နိုင်ငံတစ်ခုနှင့်တစ်ခု စစ်ဖြစ်ချိန်တွင် နိုင်ငံသားတစ်ဦး အသက်စွန်.သွားရခြင်းက အဘယ်မျှလောက် အရေးကြီးပါသနည်း။ အစိုးရတစ်ရပ်၏ပေါ်လစီနှင့် နိုင်ငံသားတစ်ဦး၏အသက် ဘယ်အရာက ပိုအရေးကြီးပါသနည်း။ ထိုအချိန်က အမေရိကန်တပ်သား အတော်များများပင် အီရတ်တွင် ခေါင်းဖြတ်ခံရပြီး ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ အာရိုယိုနှင့် သူမ၏ ကက်ဘိနက်အတွက် အတော်ပင် ခေါင်းခြောက်ရသည့်ကိစ္စ ဖြစ်ပါသည်။

လူအများ ထင်မထားသည့် ကိစ္စများ ဖြစ်လာခဲ့လေသည်။
အာရိုယိုအစိုးရ ဘာလုပ်ခဲ့ပါသနည်း???
ဖိလစ်ပိုင်အစိုးရသည် အီရတ်သို. စေလွှတ်ထားသော ဖိလစ်ပိုင်တပ်အားလုံးကို ပြန်လည်ခေါ်ယူပြီး
မိမိနိုင်ငံသား ထရပ်ကားဒရိုင်ဘာ၏ အသက်ဘေးမှ လွတ်မြောက်ရေးကို ရွေးချယ်ခဲ့လေသည်။

နိုင်ငံတကာ သံတမန်လောက (အထူးသဖြင့် အနောက်ကမ္ဘာ) တွင် ထိုဖြစ်ရပ် အလွန်ပင် ပွက်လောရိုက်သွားလေ၏။ အကြမ်းဖက်သမားများကို အလျှော့ပေးသူ၊ ရန်သူနှင့် အပေးအယူလုပ်သူဟု ၀ါရှင်တန်က ဝေဖန်သည်။ အာရိုယိုကမူ သူမ၏ ဆုံးဖြတ်ချက်အတွက် လုံးဝနောင်တမရကြောင်း ပြောခဲ့သည်။

အင်တာဗျုးတစ်ခုတွင် သူမပြောခဲ့သည်က ရှင်းသည်။
ထိုထရပ်ကားဒရိုင်ဘာသည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကို အဓိက ကျားကန်ပေးထားသော နိုင်ငံတကာရောက် ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားများကို ကိုယ်စားပြုသည်။ ထိုကဲ့သို.သော အခွန်ထမ်းပြည်သူများအား အစိုးရက မည်မျှ တန်ဖိုးထားသည်ကို ယခုလုပ်ရပ်ဖြင့် ပြသခြင်းဖြစ်သည်ဟု ပြောခဲ့ပါသည်။ ဖိလစ်ပိုင် တစ်နိုင်ငံလုံး လက်ခုပ်တီးကြလေသည်။ ဖိလစ်ပိုင် အတိုက်အခံတို. ဘာပြောနိုင်မည်နည်း ??? မည်သူက ဝေဖန်နိုင်မည်နည်း ???

တစ်ခါက ဖိလစ်ပိုင် သံတမန်တစ်ဦးနှင့် တွေ.ဆုံရသဖြင့် အဆိုပါဖြစ်ရပ်ကို စကားစပ်ပြီး မေးကြည့်မိဖူးသည်။ သူကတော့ အစိုးရဆုံးဖြတ်ချက်သည် ရေရှည်အတွက်လဲ အကျိုးရှိခဲ့သည်ဟု ဆိုသည်။ ထိုဆုံးဖြတ်ချက်က အရှေ.အလယ်ပိုင်းတွင် အလုပ်လုပ်နေသော ဖိလစ်ပိုင်လုပ်သား တစ်သန်းခွဲကို အီရတ်စစ်ပွဲကာလ တစ်လျှောက်လုံး ဘေးကင်းစေခဲ့သည်ဟု ဆိုသည်။ ထိုအချိန်က အီရတ်တစ်နိုင်ငံတည်းမှာပင် ဖိလစ်ပိုင်လုပ်သား ၄၀၀၀ ပတ်ဝန်းကျင်ရှိရာ ဖိလစ်ပိုင်အစိုးရ အနေဖြင့် နောက်ရွေးကောက်ပွဲတွင် မဲမည်မျှ ပိုရမည်ကို ခန်.မှန်းကြည့်နိုင်လေသည်။ အစိုးရနှင့် ပြည်သူကြားမှ WIN-WIN solution ဖြစ်ပါသည်။ မြန်မာသံရုံးများ၏ နိုင်ငံတကာရောက် မြန်မာများအပေါ် ဆက်ဆံပုံကို မြင်ရကြားရသည့်အခါတိုင်း ကျနော့်မှာ အီရတ်စစ်မြေပြင်တွင် ထရပ်ကားမောင်းနေသော ဖိလစ်ပိုင်နိုင်ငံသားများကိုသာ ပြေးမြင်မိပါသည်။

ယခုလဲ ချီလီမိုင်းလုပ်သားအရေး ပေါ်လာပြန်သည်။ လက်ရှိအာဏာရသူအနေဖြင့် ရွေးချယ်ခွင့်/ဆုံးဖြတ်ခွင့် ရှိသည့် အခြေအနေတွင် မီဒီယာကိုလည်းကောင်း၊ အခြေအနေကို လည်းကောင်း အကောင်းဆုံး အသုံးချသွားနိုင်ပြီး သူ၏ နိုင်ငံရေးဂုဏ်သိက္ခာကို လိမ်မာပါးနပ်စွာ တည်ဆောက်ရင်း၊ ပြည်သူများကို စောင့်ရှောက်သွားနိုင်သည်ကို တွေ.ရပြန်လေသည်။ သမ္မတကိုယ်တိုင် မိုင်းလုပ်သားများအရေးကို အလေးပေးကြောင်း ပြသသည်။ ငွေကုန်ကြေးကျခံပြီး ကယ်ဆယ်သည်။ မီဒီယာကို အသုံးချပြီး ကယ်ဆယ်ရေးလုပ်ငန်းကို promotion လုပ်သည်။ ကမ္ဘာကျော်သတင်းလဲ ဖြစ်ခဲ့သည်။အာဏာလက်ကိုင်ထားသူနှင့် အခွန်ထမ်းပြည်သူကြားမှ Another WIN-WIN Solution ဖြစ်ပါသည်။

နောက်ရွေးကောက်ပွဲတွင် ချီလီမိုင်းလုပ်သားများ မည်သူ.ကို မဲထည့်မည်ဟု စာဖတ်သူ ထင်ပါသနည်း ??? ချီလီမိုင်းတွင်းလုပ်သားများ သတင်းကို စောင့်ကြည့်ရင်း ဖားကန်.တွင် သတင်းကိစ္စဖြင့် ခရီးသွားစဉ်က မြင်တွေ.ခဲ့ရသည့် ဒေသခံစစ်တပ်နှင့် အာဏာပိုင်တို.၏ ကျောက်စိမ်းတွင်း လုပ်သားများအပေါ် ဆက်ဆံပုံများကို ပြန်သတိရမိပါသည်။ ထိုလုပ်သားများကို လာမည့်ရွေးကောက်ပွဲတွင် မည်သူ.ကို မဲထည့်မည်နည်းဟု တစ်ဦးချင်း လိုက်မေးလိုက်ချင်သည်။ အစိုးရ၀န်ထမ်းများကိုလဲ ထိုမေးခွန်းကိုသာ မေးချင်နေမိသည်။

အမှန်တော့ (ခပ်ကြမ်းကြမ်း ပြောရပါလျှင်) သဘာဝဘေးအန္တရာယ်များသည် အစိုးရတစ်ရပ်အဖို. နိုင်ငံတော်၏ ဘဏ္ဏာငွေကို သုံးပြီး နာမည်ကောင်းရအောင် ဖန်တီးနိုင်သည့် ဂွင်များဟုပင် ဆိုနိုင်သည်။ လက်ရှိအစိုးရများ အနေဖြင့် နိုင်ငံရေးအရ ပါးနပ်လျှင် ပါးနပ်သလောက်၊ ဆင်ခြင်ဥာဏ်ရှိလျှင် ရှိသလောက်၊ ကိုင်တွယ်တတ်လျှင် တတ်သလောက် အတိုက်အခံများကို နောက်ကောက်ချနိုင်သည့် နိုင်ငံရေး အကွက်ကလေးများ ဖြစ်ပါသည်။

လှိုင်မြို.နယ် ဘာတာမီးလောင်မှု၊ နာဂစ်မုန်တိုင်း၊ ပဲခူးရေကြီးမှု၊ မင်္ဂလာဈေးမီးလောင်မှု စသည်တို.ကစပြီး ယခုလတ်တလော မန္တလေးရေကြီးမှုအထိ မြန်မာအစိုးရ၏ လုပ်ရပ်များကို သုံးသပ်ကြည့်သောအခါ စေတနာ မရှိသည်လား၊ နိုင်ငံရေးပါး မ၀သည်လား၊ လုပ်နိုင်သည့် အရည်အချင်း အလျဉ်း မရှိသည်လားတော့မသိ။ ယခုတင်ပြခဲ့သည့် အာရိုယိုနှင့် ချီလီသမ္မတတို.လို လုပ်ဆောင်ချက်မျိုး မမြင်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်စဉ်က စစ်အစိုးရက disaster ကို propaganda အတွက် သုံးလေမည်လားဆိုသည့် စိုးရိမ်မှုဖြင့် စောင့်ကြည့်ခဲ့ဖူးသည်။ လက်တွေ.တွင် အစိုးရတစ်ရပ်အနေဖြင့် တက္ကသိုလ်ကျောင်းသားများ စုဖွဲ.ပြီး ခေါက်ဆွဲထုပ်ဝေသည့် လုပ်ရပ်လောက်ကိုပင် ချက်ချင်း မလုပ်နိုင်ခဲ့ပေ။ ထုံးစံအတိုင်း ကယ်ဆယ်ရေးအစား အဖုံးအဖိများ၊ အလိမ်အညာများဖြင့်သာ မုန်တိုင်းပြီးစ ကာလများတွင် အလုပ်ရှုပ်နေခဲ့လေသည်။ တရုတ်နိုင်ငံတွင် ဖြစ်သွားသော မြေငလျှင်ကိစ္စအား အစ်ကိုတော် ပေါက်ဖော်များက မည်သို.ကိုင်တွယ်သည်ကို မြင်သောအခါတွင်မှ နေပြည်တော် အဲယားကွန်းခန်းထဲမှ ဗိုလ်ချုပ်များ အူယားဖားယားဖြင့် ရဟတ်ယာဉ်များပေါ် ပြေးတက်ကြပါသည်။ အလာကောင်းသော်လည်း အခါနှောင်းလေပြီ။ နာဂစ်တွင် မြန်မာပြည်သူများက စစ်အစိုးရကို တော်တော်လေး ချဉ်သွားခဲ့လေသည်။

အမှန်တော့ ထိုကာလသည် အစိုးရမင်းများအဖို. မိမိလခထဲမှ မပွန်းမပဲ့ဘဲ အစိုးရဘတ်ဂျက်ဖြင့်ပင် အချောင် နာမည်ကောင်းယူနိုင်သည့် အခွင့်အရေး ဖြစ်၏။ ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ရသည်မှာ စစ်အစိုးရက အနှစ် ၂၀ လုံးလုံး သက်သေပြခဲ့သော အစိုးရအဖြစ် မထိုက်တန်မှုများ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ Psychological Warfare မှ လာသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖို. ယခုဆွေးနွေးခဲ့သော အချက်များကို မသိဘဲ နေမည်မဟုတ်။ ပြည်သူ.ဒုက္ခ ငါနဲ.မဆိုင်ဟု သဘောထားလိုသောကြောင့်သာ အဓိကဖြစ်သည်ဟု ကျွန်တော်ကတော့ မြင်မိပါသည်။ အမှန်တကယ်လဲ စေတနာသာ ပဓာနမို. စေတနာကို မရှိလို.ပါဟု သုံးသပ်ရမလိုပင်ဖြစ်သည်။

ပုဂံခေတ်က ကျန်စစ်သားသည်ပင် "ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စားတန်ဆာ ပေးအံ့" ဟု ပြောခဲ့ဖူးကြောင်း မှတ်သားခဲ့ရဖူးသည်။ ကျန်စစ်သားမင်းသည် psy-war ကို မသင်ခဲ့ရသော်လည်း နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အနေဖြင့် မည်သည့်အလုပ် လုပ်သင့်သည်ကို နားလည်ခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိခေါင်းဆောင်ကမူ သုံးတန်းဖတ်စာကို ကျေညက်ပါ၏လောဟု သံသယ၀င်ဖွယ် ဖြစ်ပါသည်။

ယခုလဲ မန္တလေးတွင် ရေကြီးနေပြန်သည်။
မြန်မာအစိုးရက ပြည်သူကို ရင်ဝယ်သားကဲ့သို. သဘောထားနိုင်မည့်ကာလကို
မြန်မာနိုင်ငံသား အားလုံးက စောင့်မျှော်နေကြလေသည်။

သည်းသည်းလှုပ် ကျော်ဇွ
၁၄ အောက်တိုဘာ ၂၀၁၀

........... ........... ........

"ရွှေစည်းခုံစေတီကျောက်စာ"

ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။

များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိကွဲ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။
ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။
ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။

ကျန်စစ်သားမင်းကြီး
၁၁ ရာစု ပုဂံပြည်

Friday, October 15, 2010

"သယံဇာတကျိန်စာ"

“အခုကနေ နောက်ထပ်ဆယ်နှစ်။ နောက်ထပ်အနှစ်နှစ်ဆယ်။ အားလုံးစောင့်ကြည့်လိုက်ပါ။
ရေနံက ကျုပ်တို.ကို ငါးပါးမှောက်အောင် လုပ်လိမ့်မယ် …
ရေနံဆိုတာ ကမ္ဘာမြေပေါ်ကို မာန်နတ်လွှတ်လိုက်တဲ့ သူ.ရဲ.ညာလက်ရုံးပဲ။”


အထက်ပါစကားကို ပြောသူမှာ အခြားမဟုတ်။ ရေနံတင်ပို.ရောင်းချသူနိုင်ငံများအသင်း (OPEC) ကို တည်ထောင်သူ တစ်ဦးဖြစ်သူ ဗင်နီဇွဲလား နိုင်ငံရေးသမား Juan Pablo Perez Alfonzo ကိုယ်တိုင်ဖြစ်သည်။

သဘာဝသယံဇာတကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သောနိုင်ငံ ပိုများသည်ဟူသော အယူအဆကို ပြောနေကြသည်မှာ ၁၉၈၀ ပတ်ဝန်းကျင်နှစ်များ ကတည်းက ဖြစ်သည်။ ၁၉၉၃ ခုနှစ် ရောက်လာသောအခါ သယံဇာတက တိုင်းပြည်စီးပွားရေးကို မတိုးတက်စေဘဲ နောက်ပြန်ဆွဲသော အနေအထားကို “သယံဇာတကျိန်စာ (Resource Curse)” ဟု ပညာရှင်အချို.က စတင်သုံးစွဲလာကြပါသည်။ ထိုအကြောင်း လေ့လာကြသော ပညာရှင်အသီးသီး၊ အဖွဲ.အစည်းအသီးသီးတွင် မြန်မာတော်တော်များများ သိကြသည့် Jeffery Sachs လို ဒိတ်ဒိတ်ကျဲပုဂ္ဂိုလ်မျိုး၊ Global Witness လို လူသူလေးစားသည့် အဖွဲ.အစည်းမျိုး ပါဝင်လေသည်။ အမှန်တော့ တိုင်းပြည်တိုးတက်မှုနှင့် သယံဇာတကြွယ်ဝမှု လားလားမျှမဆိုင်သည့်အကြောင်း အိုပက်နိုင်ငံများက ၂၀ ရာစု နှောင်းပိုင်းကတည်းက သက်သေပြပြီး ဖြစ်လေသည်။

သယံဇာတ ကြွယ်ဝခြင်းမရှိသော နိုင်ငံများတွင် အစိုးရ၏ အဓိက၀င်ငွေသည် ပြည်သူလူထုထံမှ အခွန်အခ ရငွေဖြစ်သည်။ ပြည်သူ.အခွန်ငွေကို အဓိက မှီခိုရသဖြင့် အစိုးရများက အပြည်အလှန်အားဖြင့် တာဝန်ကျေရန် လိုအပ်လာသည်။ ထိုအနေအထားသည် အချင်းချင်း ထိမ်းညှိနိုင်သော နိုင်ငံရေး အခြေအနေကို ဖန်တီးပေးသည်။ ထို.ကြောင့် တိုင်းပြည်လဲ တည်ငြိမ်သည်။ သို.သော် အစိုးရတစ်ရပ်သည် သယံဇာတမှ သပိတ်ဝင်အိတ်ဝင် ငွေရွှင်နေပါက ပြည်သူ.အခွန်ငွေကို ဂရုစိုက်ရန် မလိုတော့ပေ။ အခွန်ဖိဖိစီးစီး မကောက်ခံသည့်သကာလ ပြည်သူကလဲ မိမိနည်းမျိုးစုံဖြင့်ရှာဖွေသမျှ အစိုးရမှ မထိသဖြင့် တိုင်းပြည်ဘတ်ဂျက် ဘယ်လိုရှိသည်။ နိုင်ငံ့ဘဏ္ဏာ ဘယ်လိုသုံးသည် စသည်ဖြင့် စောင့်ကြည့်ဂရုမူခြင်း မပြုတော့ပေ။ ထိုအနေအထားသည်ပင် ပျက်စီးခြင်းလမ်းစ ဖြစ်လာသည်။

အစိုးရသည် ပြည်သူက တစ်ချိန်တွင် စောင့်ကြည့်လာမည်ကို မလိုလားတော့သဖြင့် ပြည်သူကိုအခြေခံသည့် လူမှုအဖွဲ.အစည်းများ ပေါ်ပေါက်တည်ရှိခြင်းကို စတင်နှိပ်ကွပ်လာသည်။ ပြည်သူက ပွင့်လင်းမှုနှင့် အခြားအခွင့်အရေးများ တောင်းဆိုလာပါက ချေမှုန်းနိုင်ရန် သယံဇာတ၀င်ငွေဖြင့် စစ်အင်အား တို.ချဲ.လာလေသည်။ ပဋိပက္ခမီး အချိန်မရွေး ထတောက်နိုင်သည့် အနေအထားကို သဘာဝ သယံဇာတက ဖန်တီးသွားခြင်း ဖြစ်သည်။ ရေရှည်တွင်မူ အစိုးရက အရာအားလုံးကို ချုပ်ကိုင်နိုင်သည့် အာဏာရှင် ဖြစ်သွားပြီး ပြည်သူက အာဏာရှင်ပြုသမျှ နုရလေတော့သည်။ စိန်ထွက်သော ဇင်ဘာဘွေသည် အကောင်းဆုံးဥပမာဖြစ်သည်။

အခြားဖြစ်နိုင်ချေမှာ အစိုးရမဟုတ်သည့် အဖွဲ.အစည်း တစ်ခုခုကလဲ ဒေသတွင်းရှိ သယံဇာတများကို ထိမ်းချုပ်နိုင်ရန် ကြိုးစားလာခြင်းကြောင့် ပြည်တွင်းစစ် ဖြစ်ရခြင်းမျိုးဖြစ်သည်။ အင်ဂိုလာ၊ နိုင်ဂျာမြစ်တစ်ဝှမ်းနှင့် ဆူဒန်တောင်ပိုင်းတွင် အဆိုပါ အဖြစ်မျိုး ကြုံခဲ့ဖူးသည်။ ထိုအနေအထားတွင် သယံဇာတမှ ရသောဝင်ငွေသည် နှစ်ဖက်လုံးအတွက် လက်နက်ရိက္ခာ ပံ့ပိုးပေးလေသည်။ နိုင်ငံပိုင်သယံဇာတမှ ရသောဝင်ငွေဖြင့် ကျည်ဆံလှိုင်လှိုင် ၀ယ်နိုင်သောကြောင့် နှစ်ဖက်ပြည်သူတို. သေကြလေသည်။ တိုင်းပြည်မတည်ငြိမ်မှုကြောင့် အခြေခံအဆောက်အအုံတို. ပျက်စီးပြီး အိမ်နီးချင်းနိုင်ငံများက အခွင့်အရေး ယူကြလေသည်။

တိုင်းပြည်သယံဇာတနှင့် ပက်သတ်ပြီး Macro Economy ပိုဆန်သည့် သုံးသပ်ချက်မှာ ဟော်လန်တို.ကို လေ့လာရာမှ ရလာသည်။ ၁၉၆၀ ပတ်ဝန်းကျင်တွင် နယ်သာလန်နိုင်ငံတွင် သဘာဝဓာတ်ငွေ. အမြောက်အများ တူးဖော်တွေ.ရှိခဲ့သည်။ နိုင်ငံတကာသို. အကြီးအကျယ် တင်ပို.ရောင်းချနိုင်ခဲ့သည်။ သို.ရာတွင် နိုင်ငံ၏ အခြားစီးပွားရေးကဏ္ဍများကို ထိမ်းညှိမြှင့်တင်နိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ရေရှည်တွင် ဆိုးကျိုးကြုံရလေသည်။

ဝင်ငွေကောင်းလာသောကြောင့် အစိုးရက ငွေသုံးကြမ်းလာပြီး ပြည်တွင်းငွေဖောင်းပွခြင်း၊ လုပ်သားရွှေ.ပြောင်းခြင်း၊ လုပ်အားခမြင့်တက်လာခြင်းတို.ပါ ထပ်ဖြစ်လာသည်။ ကုန်ဈေးနှုန်းများ တက်လာပြီး ကုန်ကြမ်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာသည်။ သို.သော် နိုင်ငံတကာဈေးနှုန်းအတိုင်း ရောင်းချရသည့် ပြည်ပပို.ကုန်များမှာမူ ဈေးတင်ရန် မဖြစ်နိုင်ဘဲ နှုန်းသေ ဖြစ်နေရလေသည်။ တစ်ချိန်တည်းတွင် သယံဇာတ တင်ပို.ရောင်းချခြင်းမှ တိုင်းပြည်၏ Export Earning တိုးလာသဖြင့် ဒတ်ခ်ျငွေကြေးမှာမူ ခိုင်မာနေသည်။

ဒတ်ခ်ျငွေဈေးမာနေခြင်း၊ ကုန်ထုတ်စရိတ်ကြီးမြင့်ခြင်းတို.ကြောင့် နယ်သာလန်ထုတ်ကုန်များသည် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု နည်းပါးသွားလေသည်။ ရလာဒ်အဖြစ် သဘာဝဓာတ်ငွေ.မှလွဲ၍ နယ်သာလန်နိုင်ငံ၏ နိုင်ငံတကာပို.ကုန် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံး မျက်ဖြူဆိုက်ခဲ့ရသည်။ ထိုအဖြစ်ကို “ဒတ်ခ်ျရောဂါ (Dutch Disease)” ဟု စီးပွားရေးပညာရှင်များက သမုတ်ကြပါ၏။

ထိုအချိန်က နယ်သာလန်နိုင်ငံတွင် ဒီမိုကရေစီစံနှုန်း အပြည့်အ၀ရှိသည့် လူထုအခြေခံအဖွဲ.အစည်းများ၊ ပွင့်လင်းသည့်မီဒီယာများ ရှိနေပြီးဖြစ်သည့်အပြင် နိုင်ငံရေးစံနစ်ကလဲ တည်ငြိမ်ခိုင်မာပြီး အုပ်ချုပ်သူများကလဲ တာဝန်ယူဖြေရှင်းနိုင်သည့် အရည်အသွေးပြည့်အစိုးရ ဖြစ်ခြင်းကြောင့်သာ ဟော်လန်တို. မျက်ဖြူဆိုက်ရုံသာဆိုက်ပြီး ပျက်စီးခြင်းသို. မဆိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအနေအထားတွင် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတို.သာ ထပ်ပေါင်းလိုက်ပါက နိုင်ဂျီးရီးယားနိုင်ငံ ရေနံတွေ.သကဲ့သို. ဖြစ်လာမည်မှာ မလွဲမသွေဖြစ်ပေသည်။

၁၆ ရာစုအစမှ ၁၈ ရာစုနှောင်းပိုင်းအထိ အင်အားကောင်းခဲ့သော စပိန်အင်ပါယာကြီးသည် ၄င်း၏ နောက်ဆုံးနှစ်ငါးဆယ်အတွင်း စစ်ပွဲတစ်ပွဲမှ မရှုံးခဲ့ဘဲ ပြိုကွဲခဲ့ရသည်။ ကိုလိုနီနယ်များမှထွက်သော သယံဇာတများကိုသာ မှီခိုခဲ့ပြီး ကုန်ထုတ်လုပ်မှုကို အားမပေးခဲ့သောကြောင့်ဖြစ်သည်။ အရှေ.ဥရောပတစ်ခြမ်း အပါအ၀င် ကမ္ဘာတစ်ဝက်နီးပါး အာဏာလွှမ်းမိုးခဲ့သော ဆိုဗီယက်အင်ပါယာကြီး နောက်ဆုံးနှစ်ပေါင်းငါးဆယ်အတွင်း စစ်ပွဲတစ်ပွဲမှ မရှုံးခဲ့ဘဲ ၁၉၈၉ တွင် ကျဆုံးရသည်။ ရေနံသယံဇာတမှ ရငွေကို မှီခိုပြီး ဆိုရှယ်လစ်စက်မှုလုပ်ငန်းများမှ ၀ယ်သူမရှိသည့် ထုတ်ကုန်များကိုသာ ထုတ်လုပ်နေသောကြောင့် ဖြစ်၏။

နိုင်ငံတစ်ခု၏ အစိုးရသည် သယံဇာတအပေါ် မှီခိုလွန်းပြီး စက်မှုလက်မှုနှင့် လယ်ယာထွက်ကုန်လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများတွင် ၀ါဒဖြန်.ကောင်းရုံ လုပ်ဆောင်နေပါက ပြည်သူနှင့်နိုင်ငံတကာကို ခဏသာ ညာနိုင်မည်ဖြစ်သည်။ စူပါပါဝါနိုင်ငံများသည်ပင် အခြေအနေကို ရေရှည်တွင် ဖုံးမနိုင်ဖိမရ ဖြစ်လာကြပြီး တိုင်းပြည်ကို သုညမှ ပြန်စရခြင်းမျိုးရှိသည်။

သင့်သလို ဆင်ခြင်ပြီး တော်သလို ဆောင်ရွက်ကြပါတော့
သဗ္ဗုရိသအပေါင်း အိုသူတော်ကောင်းတို. … ။ ။

သည်းသည်းလှုပ် "ဇွ"
၂၀၁၀ အောက်တိုဘာ ၃။
လန်ဒန်၊ ယူကေ။



References:

1. http://www.imf.org/external/pubs/ft/fandd/2003/03/ebra.htm
2. http://www.owen.org/wp-content/uploads/policymakers-guide-to-dutch-disease-CGD-WP-91.pdf
3. http://en.wikipedia.org/wiki/Resource_curse
4. http://knowledge.wharton.upenn.edu/article.cfm?articleid=1830
5. http://www.hubbertpeak.com/reynolds/SovietDecline.htm

“မော် ဒန် ဇွ ၏ ၂၁ ရာ စု ကျောက် စာ”

သျှရီ နမောဗုဒ္ဓာဿ ...
သက္ကရစ် ၂၀၁၀ ခု၊ ရွေးကောက်ပွဲနှစ်၊ စက်တင်ဘာလဆန်း ၉ ရက်၊ စနေနေ.။
ဆိုင်းဆရာ ရွာစားကြီးမြေး၊ အညာသား၊ သည်းသည်းလှုပ်ကျော်ဇွ။

မီးပျက်သောဆင်းရဲ၊ ရေမလာသောဆင်းရဲ၊ အင်တာနက်လိုင်း နှေးကွေးသောဆင်းရဲ၊ လိုင်းဖုန်းများပျက်၍ မိုဘိုင်းလ်များ ဆားဗစ်မမိသောဆင်းရဲ၊ ဧည့်စာရင်း ပုံမှန်တိုင်ရသောဆင်းရဲ၊ လက်ဖက်ရည်ဖိုးလဲပေးရ အဟောက်လဲခံရ၍ အကုသိုလ် များရသောဆင်းရဲ၊ ဘတ်စ်ကား/ရထား အချိန်မမှန်သောဆင်းရဲ၊ လမ်းပျက်/မြောင်းပိတ် မိုးရွာတိုင်း စိတ်ညစ်ရသောဆင်းရဲ၊ အကြောင်းအမျိုးမျိုးပြ အလှုငွေခွဲတမ်းချတိုင်း ပေးရကမ်းရသောဆင်းရဲ၊ အစိုးရကိစ္စ ကြုံကြလေတိုင်း တစ်မေ့တစ်မောစောင့်ရ ဒုက္ခတွေပိုရသောဆင်းရဲ၊ အသက်မွေးမှုအတတ်ပညာ တစ်ဖက်ကမ်းခပ် တတ်ပါသော်လည်း စစ်ဗိုလ်တွေ ဘီပိုးတွေ. အရပ်ဖက်သို. ရွှေ.လာကြသဖြင့် လေ့လာထားသမျှ သုံးခွင့်မရ ပညာရှင်က အခိုင်းပြန်ခံရသောဆင်းရဲ၊ ကိုယ့်နိုင်ငံသံရုံး ကိုယ်ပြန်မုန်းရသောဆင်းရဲ၊ ရိုးသားချင်သော်လည်း ထမင်းမ၀၍ ခိုးရဖွက်ရ အနိုင်ကျင့်ရသောဆင်းရဲ၊ ရိုးရိုးသားသား ဆိုင်ဖွင့်စားသော်လည်း မီးသတ်ကိုအားကိုးမရ ဈေးမီးလောင်တိုင်း စီးပွားပျက်ကြရသောဆင်းရဲ၊ ကြံ့ဖွတ်အလံထောင်မှ အလှုအတန်းလုပ်ခွင့်ရသောဆင်းရဲ၊ ကဗျာ/ဘလော့ရေး၍ အဖမ်းခံရသောဆင်းရဲ၊ မသာချပေး၍ ထောင်ကျရသောဆင်းရဲ၊ စစ်ဗိုလ်နှင့်ရန်ဖြစ်၍ သေနတ်နှင့်အပစ်ခံရသောဆင်းရဲ၊ ဟိုဆင်းရဲ ဒီဆင်းရဲ၊ ဤသို.ကစသော အတိုင်းမသိသော ဆင်းရဲတို.သည် နှိက်စက်သော မြန်မာပြည်၏ လက်ရှိအာဏာရှင်စံနစ်ကို စွန်.ထားခဲ့၍ . . .

စည်းကမ်းရှိသော၊ ဒီမိုကရေစီပြည့်ဝသော၊ ဘွဲ.ရတစ်ယောက် ဖြစ်ခြင်းအတွက် ဂုဏ်ယူနိုင်သော၊ အလုပ်လုပ်နေသမျှ ထမင်းဝသော၊ ကိုယ့်အစိုးရအတွက် ကိုယ်ဂုဏ်ယူရသော၊ ပြည်သူ.ဘဏ္ဍာနှင့် တံတားဆောက်ခြင်းအတွက် ကျေးဇူးတင်စကား ပြောစရာမလိုသော၊ ကိုယ့်စစ်တပ်နှင့်ရဲ ကိုယ့်ကိုကာကွယ်ပေးမှာပဲဟု ယုံကြည်စိတ်ချနိုင်သော၊ သတင်းများကို သတင်းစာတွင်ဖတ်နိုင်သော၊ ဆင်းရဲခြင်း ခပ်သိမ်းကင်းသော၊ ချမ်းသာစွာသော မြင့်မြတ်သော ပါလီမန်ဒီမိုကရေစီစံနစ်ကို ငါလိုသတည်းဟူ၍ ရွှေငွေကစသော ဥစ္စာတို.ကိုစွန်.၍ ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပါဝင်နိုင်ရန် မှတ်ပုံတင်ကြေး ငါးသိန်းကို ငါပေးသွင်း၏။

ဤသို.လျှင် ငါပေးသွင်းသော မှတ်ပုံတင်ကြေးကို အဆုံးမခံရစိမ့်သောငှာ ၂၀၀၈ ခုနှစ်၌ အတင်းအကျပ် တိုင်းသိပြည်သိ အတည်ပြုအပ်သော နာဂစ်ဖွဲ.စည်းပုံကြီးကို ငါလက်ခံခဲ့၏။ ဤငါပြုသော ကောင်းမှုအကျိုးကို ခပ်သိမ်းသော အစိုးရသော ရေမြေ့သခင်ဖြစ်သော တပ်ချုပ်ကြီးလည်း ရစေ၏။ ကြိုင်ကြိုင်အစ၊ ဖိုးလပြည့်အဆုံး ဒင်းတို.တစ်မိသားစုလုံးလဲ ရစေ၏။ အဖိုးကြီး၏ မောင်းမမိသံများနှင့် တစ်ဆွေတစ်မျိုးလုံးနှင့် နအဖ တစ်ဖွဲ.လုံးလည်း အချင်းချင်း အမျက်အဤ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ဤကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်း၌နေသော ကြံ့ဖွတ်အပေါင်းတို.သည် အစီးအပွားကိုရှာလျှက် သက်တော်ရှည်စွာ နေကြ၍ ဤကောင်းမှုကို ထောက်ပံ့စေသတည်း။

ယခုရွေးကောက်ပွဲဝင်သော၊ နောင်ဖြစ်လတ္တံသော အမတ်မင်းအပေါင်းတို.သည်လည်း ကောင်းမှုအကျိုးကို ရစေသတည်း။ တင်ထားသမျှ မှတ်ပုံတင်ကြေးများ အမြန်ဆုံး အရင်းကျေစေသတည်း။ ကတိပေးထားသော ပြုပြင်ပြောင်းလဲရေးများ အဆင်ပြေစေသတည်း။ အရအမိကို လိုသောသူကား အရအမိ ရစေသတည်း။ ကောင်းမှုကို လိုသူကား ကောင်းမှုကို ရစေသတည်း။

ငါလည်း အလှုခံထွက်တိုင်း တရားစွဲခံရသော၊ စည်းဝေးမဲဆွယ်ချင်တိုင်း လျှောက်လွှာတင်ရသော၊ ငါးသိန်းမရှိ၍ နောက်ဆုတ်ရသော၊ လက်တွဲချင်သည့် အမတ်လောင်းမရှိ၍ တစ်ပါတီလျှင် နှစ်ယောက်တစ်ပိုင်း ၀င်ပြိုင်ရသော၊ အခွင့်ထူးခံကြံ့ဖွတ်ကို မနာလိုဖြစ်ရသော၊ ရွေးကောက်ပွဲဝင်တာချင်းအတူတူ အိမ်ဖြည့်သာသာဟု အပြောခံရသော၊ အမတ်ဖြစ်ချင်၍ သမိုင်းကွေးရသော အမတ်လောင်းမျိုး မဖြစ်မူ၍ ပိုက်ဆံချေးပြီး စည်းရုံးနိုင်သော၊ အာဏာပြပြီး စည်းရုံးနိုင်သော၊ ဘတ်ဂျက်တောင့်သော၊ ဟိုတယ်မှာတည်းပြီး စည်းရုံးနိုင်သော၊ ဌာနဆိုင်ရာမှာ မိန်.ခွန်းပြောရင်း စည်းရုံးနိုင်သော၊ ရုံးခန်းဌားခ ပူစရာမလိုသော၊ အလှုငွေထည့်ချင်သူ ပေါသော ကျေးဇူးတို.နှင့် ပြည့်စုံပြီးလျှင် ပါလီမန်၌ ကျင်လည်၍ အမတ်လောင်းဘ၀မှ အမတ်မင်းဘ၀သို. အမြန်ဆုံး ရောက်စေသတည်း။

ငါရေးထိုးအပ်သော အမတ်လောင်းကျောက်စာကို မလိုတမာစိတ်ထား အမုန်းပွားပြီး ဆဲဆိုအံ့။ မကောင်းသောကွန်မန်.ပေးအံ့ ...
အကြင်သူသည် ယခုဘ၀မှစ အရိမေတ္တရမြတ်စွာဘုရားပွင့်သည်အထိ သံသရာ၌ အမတ်မင်း မဖြစ်ရစေ။ ။

အမတ်လောင်း ဇွ
မြန်မာမော်ဒန်ကျောက်စာများ
ရေးထိုးနှစ် ၂၀၁၀
(မူရင်းကျောက်စာ မိဖုရား ဖွားစော နှင့် သိင်္ဃသူ.သမီး)

Monday, December 14, 2009

သို. ... ဖေဖေနဲ. မေမေ

မွေးနေ.ပွဲနီးလာတဲ့ ကာလတိုင်း တစ်သက်တာလုံးရဲ. ပထမဆုံး မွေးနေ.လက်ဆောင်ကို အသက် ၇ နှစ် ပြည့်တဲ့နေ.မှာ ရခဲ့ဖူးတာ မှတ်မိနေတယ်။ ဖေဖေနဲ.မေမေက ပေးခဲ့တာ။

အဲဒိနေ.က အဖြစ်အပျက်လေးကို အခုအချိန်ထိ အသေးစိတ် အမှတ်ရနေတုန်းပဲ။
သားကြီးမွေးနေ. အထိမ်းအမှတ် ဟင်းကောင်းတွေ ချက်ထားတဲ့ မိသားစုသုံးယောက်စာ ထမင်းစားပွဲခုံပုလေးမှာ မိသားစုအားလုံး ဆုံကြတဲ့အခါ "သားကြီး မျက်လုံးမှိတ်၊ လက်ဝါးဖြန်."လို. မေမေက ပြုံးပြီး ပြောတော့ တစ်ခုခု ပေးတော့မယ်လို. သိလိုက်တယ်။ ဒါပေမယ့် စိတ်လှုပ်ရှားနေတော့ မျက်လုံးတွေကို တိတ်တိတ်ဖွင့်ပြီး ခိုးကြည့်ဖို.တောင် သတိမရခဲ့မိဘူး။ လက်ထဲကို တစ်ခုခု ထည့်ပေးလိုက်တာ ခံစားရလို. မျက်လုံးဖွင့်ကြည့်တော့မှ ဘာလဲဆိုတာ မြင်လိုက်ရတာ။

စာအုပ်လေးနှစ်အုပ် ... ... ထူထူလေးတစ်အုပ်၊ ပါးပါးလေးတစ်အုပ် ... အပြာရောင်တစ်အုပ်၊ အ၀ါရောင်တစ်အုပ်။ ကတ်ထူစက္ကူရယ် ဖလင်ပြားရယ်သုံးပြီး တစ်ခါတည်း အဖုံးပါဖုံးထားတယ်။ တစ်အုပ်က သာလွန် အင်္ဂလိပ်-မြန်မာ အိပ်ဆောင် အဘိဓာန်စာအုပ်၊ နောက်တစ်အုပ်က မြန်မာစာအဖွဲ.က ထုတ်တဲ့ အလိမ္မာပုံဝတ္ထုများ ဆိုတဲ့ စာအုပ်။ အတွင်းအဖုံး စာမျက်နှာတွေမှာ ကိုယ့်နာမည်ကို ရေးပေးထားတယ်။ နာမည်အောက်မှာ ၁၂-၁၂-၁၉၈၇ ဆိုတဲ့ ရက်စွဲကိုပါ ထိုးပေးထားသေးတယ်။ အားလုံး ဖေဖေ့လက်ရေး။

ဖေဖေ့လက်ရေးက ဘုန်းကြီးကျောင်းသား လက်ရေးစစ်စစ်။ ညီညာဝိုင်းစက်နေတယ်။ ၆ တန်းကျောင်းသား အရွယ်အထိ စာအုပ်အဖုံးတွေပေါ်မှာ အမည် အတန်း ဘာသာ ကျောင်း ဆိုတဲ့ နာမည်စာတမ်းတွေ ဖေဖေရေးပေးတဲ့အခါ သူငယ်ချင်းတွေက မင်းအဖေ နာမည်ထိုးပေးတာ အရမ်းလှတယ်ကွလို. ပြောကြတယ်။ ဖေဖေ့လက်ရေးလို တူအောင် ရေးနိုင်ဖို. ကြိုးစားကြည့်ဖူးတယ်။ မရဘူး။ ဒါပေမယ့် ဖေဖေက ကန်.ကူလက်လှည့်ဆရာ ဖြစ်ခဲ့လို.လားတော့ မသိပါ။ လက်ရေးလှတယ်လို. အသိအမှတ်ပြုခံရတဲ့ ကျောင်းသား စာရင်းထဲမှာတော့ ကိုယ်ပါခဲ့တယ်။ ဖေဖေက အားလုံးသင်ပေးခဲ့ပါတယ်။

ငယ်ငယ်က ဖေဖေစာသင်ပေးခဲ့တဲ့ ကာလတွေကို မှတ်မိနေသေးတယ်။ အဲဒိအချိန်က ကစားချင်ရင် စာအရင်လုပ်ရတယ်။ မုန်.စားချင်ရင် စာဆိုပြရတယ်။ တစ်ခုခု ပူဆာချင်ရင် စာတွေအားလုံး ကြိုတင် ကျက်ထားရတယ်။ “ဖေဖေ၊ ရေခဲချောင်း စားချင်လို. ပိုက်ဆံငါးမူးပေးပါ”လို. တောင်းတဲ့အခါတိုင်းမှာ “မြန်မာနိုင်ငံသား မီးပုံးပျံသူရဲကောင်း နာမည် ဘယ်သူလဲ၊ မှတ်မိလား”ဆိုတဲ့ မေးခွန်းမျိုး ဖေဖေအမြဲ ပြန်မေးတတ်ပါတယ်။ “မီးပုံးပျံဦးကျော်ရင်”လို. အဖြေပေးနိုင်ရင်တော့ ရေခဲချောင်းစားဖို. အခွင့်အရေး အမြဲရတတ်တယ်။

ဒါပေမယ့် ဖေဖေပေးတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေတိုင်းမှာ ကိုယ့်တာဝန် ကိုယ်ကျေပွန်မှု ဆိုတဲ့ ၀တ္တရားတစ်ခု အမြဲကပ်ပါနေတတ်တယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးရဖို. ကိုယ့်တာဝန်ကို ကိုယ်အရင်ကျေရမယ်ဆိုတဲ့ အသိတရားကို ဖေဖေ ရိုက်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ရပိုင်ခွင့်တွေ ရလာဖို. မိမိအလုပ်ကို မိမိလုပ်ရမယ်။ ကျောင်းသားအတွက် ကျောင်းစာဟာ နံပါတ်တစ်ပဲလို.လဲ ဖေဖေအမြဲပြောတတ်တယ်။ ဒါ့ကြောင့် စနေ-တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ. အရုပ်ပစ်ချင်တဲ့အခါ နေ.လည်ခင်း နေပူချိန်မှာ ဖေဖေနဲ. စာလုပ်ရပါတယ်။

အဲဒိအချိန်က မိသားစုသုံးယောက် နေခဲ့ရတဲ့ ခနော်နီ ခနော်နဲ. အိမ်လေးရဲ. ခေါင်းရင်းဖက်နံရံမှာ ကျောက်သင်ပုန်းတစ်ချပ် ချိတ်ထားတာ ရှိပါတယ်။ သင်ပုန်းအပေါ် ဓနိမိုးအပေါက်က မိုးယိုလို. ကျောက်သင်ပုန်းရဲ. အပေါ်ပိုင်း ညာဖက်ထောင့်မှာ အထပ်သားပွပြီး စာရေးလို.မရတာတောင် မှတ်မိနေသေးတယ်။ ကျောက်သင်ပုန်းအောက်က ကြမ်းပြင်မှာ ယုန်ပုံလေးပါတဲ့ ဖိုးလမင်းတံဆိပ် မြေဖြူဗူး တစ်ဗူးရှိတယ်။

အိမ်မှာ ဆက်တီမရှိတဲ့အတွက် သင်ဖြူးဖျာခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ ဖေဖေကထိုင်တယ်။ ကျနော်က ကျောက်သင်ပုန်းရှေ. မတ်တပ်ရပ်ရင်း ဖေဖေနှုတ်က တိုင်ပေးတဲ့ သင်ခန်းစာတွေကို အဲဒိသင်ပုန်းပေါ်မှာ မြေဖြူနဲ. ရေးပြရတယ်။ မေ့နေတဲ့အခါ ဖေဖေက ထောက်ပေးတယ်။ မှားနေတာတွေကို ပြင်ပေးတယ်။ မေမေပြင်ဆင်ပေးတဲ့ ဖေဖေ့အတွက် ရေနွေးကြမ်းရယ်၊ သားအဖနှစ်ယောက်လုံးအတွက် ပဲခြမ်းသုတ်ရယ် အနားက ကြမ်းပြင်ပေါ်မှာ အဆင်သင့် ရှိနေတတ်တယ်။ ပဲခြမ်းသုတ်စားရင်း ခဏနားလိုက်၊ တအောင့်နေရင် စာပြန်လုပ်လိုက်နဲ.ပဲ ညနေစောင်းသွားတာ များတယ်။

အဲဒီလို ကျောက်သင်ပုန်းနဲ. စာသင်ခဲ့တုန်းက သားအဖကြားမှာ တရားဝင် သတ်မှတ်မထားသော်လည်း တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ နားလည်မှုတစ်ခု ရှိခဲ့တယ်။ "သားကြီး၊ သေသေချာချာ ဂရုစိုက်နော်၊ ဒီတစ်ခါ လက်ရေးလှအောင်ရေး"လို. ဖေဖေပြောလာပြီဆိုရင် ကျနော်က "ဝေးဟေးးဟေးးးး"လို. ၀မ်းသာအားရ အော်တတ်တယ်။ အဲဒီအချိန်မှာ ဖေဖေကလဲ ပြုံးပြီးကြည့်နေတတ်တယ်။ ဘာလို.လဲဆိုတော့ လက်ရေးလှပြီးသား သားကြီးကို လှအောင်ရေးခိုင်းပြီဆိုရင် သေချာတယ်။ ဒီနေ.အဖို. ဒီတစ်ခေါက်ရေးရတာ နောက်ဆုံးဖြစ်မယ်။ ဒီနေ.အတွက် စာသင်ချိန်ပြီးလို. ကစားချိန်ကို ရောက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်လဲ ဖြစ်တယ်။

နောက်ဆုံးရေးတဲ့စာတွေက သင်ပုန်းပေါ်မှာ မဖျက်မချင်း ရှိနေမှာလေ။ အိမ်ကိုလာတဲ့ ဧည့်သည်တိုင်း ကျောက်သင်ပုန်းကို ကြည့်ပြီး “ခင်ဗျားသား လက်ရေးက ဘယ်ဆိုးလို.လဲဗျ။ တော်တော်လှသားပဲ”လို. ပြောတာကို ဖေဖေရော မေမေပါ ပြုံးပြုံးကြီး နားထောင်ချင်ကြတယ်။ နှစ်ယောက်စလုံးက သားအတွက် ဂုဏ်ယူချင်ကြတဲ့ သူတွေ ဖြစ်တယ်။ မိဘတာဝန်ကျေအောင် တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့ပြီး မျှော်လင့်ချက်တွေလည်း အများကြီးထားခဲ့ကြတယ်။

အသက် ၇ နှစ်အရွယ် သားကို စာအုပ်လက်ဆောင် ပေးခဲ့တဲ့ မိဘနှစ်ပါးရဲ. သားသမီးအပေါ်မှာထားတဲ့ မျှော်လင့်ချက်နဲ. ရည်မှန်းချက်တွေ၊ ဒီမျှော်လင့်ချက်အတွက် ပေးဆပ်ခဲ့တဲ့ အနစ်နာခံမှုနဲ. ပံ့ပိုးမှုတွေ၊ ဒါတွေကို ပြန်တွေးမိတိုင်း ကြက်သီးဖြန်းဖြန်း ထရတယ်။

မေမေနဲ.ပက်သတ်ပြီးတော့လဲ သတိရနေတာ တစ်ခုရှိတယ်။ ခြံစည်းရိုးမရှိတဲ့ မူလတန်းကျောင်းလေးမှာ ကျောင်းတက်ရတုန်းက စာမေးပွဲဖြေတဲ့ အခါတိုင်း စာမေးပွဲခန်းရဲ. ပြတင်းပေါက်ဝမှာ ကျောင်းသားတွေရဲ. အမေတွေ စုပြုံတိုးဝှေ.နေတတ်ကြတယ်။ သားသမီးမျက်နှာကို ကြည့်ပြီး ဖြေမှဖြေနိုင်ရဲ.လား၊ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေရဲ.လားဆိုတဲ့ ပူပင်သောကတွေနဲ. ကိုယ့်သားသမီးမျက်နှာကို အမေတော်တော်များများ ခြေဖျားထောက် ကြည့်ခဲ့ကြပါတယ်။ အဲဒိအမေတွေထဲမှာ ကျနော့်မေမေ အသည်းဆုံး ဖြစ်မယ်လို. ထင်မိတယ်။ စိတ်ပူနေတဲ့ မျက်လုံးတွေနဲ. ဖြေပြီးသားစာတွေ ပြန်စစ်ဖို. အချက်ပြနေတဲ့ မေမေ့မျက်လုံးတွေကို အခုထိ မှတ်မိနေသေးတယ်။

ဖေဖေကတော့ စိတ်ပူတာထက် ယုံကြည်မှုက ပိုပါတယ်။ များသောအားဖြင့် စာမေးပွဲရက်တွေမှာ အသွားကို စက်ဘီးနဲ.လိုက်ပို.ပြီး အပြန်မှာ အိမ်ကပဲ စောင့်နေတတ်တယ်။ သူ.သားဘာတွေ ရတယ်ဆိုတာသိတယ်။ ဘာမရဘူးလဲသိတယ်။ ကျနော် မူလတန်း ကျောင်းသား ဘ၀က ဖေဖေဟာ မေးခွန်းစာရွက်ကို ကြည့်ပြီး သူ.သားကြီး ဘယ်နှစ်မှတ်ရမယ်ဆိုတာ အနီးစပ်ဆုံး မှန်အောင် အမြဲ ခန်.မှန်းနိုင်ခဲ့တယ်။

မွေးနေ.လက်ဆောင် ရခဲ့တဲ့ အလိမ္မာပုံဝတ္ထုများ ဆိုတဲ့ စာအုပ်ကလေးဟာ ကျနော့်ရဲ. စာဖတ်ဝါသနာကို မျိုးစေ့ချပေးခဲ့တဲ့ အရာတစ်ခုပါ။ အဲဒိဝါသနာကို ဆက်ပြီးရှင်သန်စေတာလည်း ဖေဖေနဲ.မေမေပါ။ ၇တန်းကျောင်းသား ဘ၀အထိ ရွှေသွေးဂျာနယ်ကို အင်္ဂလိပ်စာ လေ့လာလို.ရအောင် အပတ်စဉ် မှာပေးခဲ့တယ်။ စာပေဗိမာန် စာအုပ်အသင်းမှာ အသင်းဝင်ပေးပြီး စာအုပ်ထွက်တဲ့ အခါတိုင်း သွားယူပေးခဲ့တယ်။ ၁၇ နှစ်သား အရွယ်အထိ မြ၀တီဂျာနယ်နဲ. နိုင်ငံတကာရေးရာ ဂျာနယ်တွေကို ရှာဖွေဝယ်ယူပေးခဲ့တယ်။ သတင်းစာတွေ ဖတ်ခိုင်းခဲ့တယ်။ အိမ်ထဲမှာနေရတဲ့သားကို စာအုပ်တွေကတစ်ဆင့် နိုင်ငံတကာနဲ. ထိတွေ.ခွင့်ပေးခဲ့တယ်။

တကယ်တော့ ဖေဖေနဲ.မေမေ နှစ်ယောက်စလုံးဟာ ဘွဲ.ရသူတွေ မဟုတ်ကြပါ။ ဒါပေမယ့် လက်တွေ. ပညာရှာနည်းကို သူတို.ကိုယ်တိုင် သင်ပေးနိုင်ခဲ့တာကို စဉ်းစားမိတိုင်း ကျနော့်မှာ အံ့သြရပါတယ်။

ကိုးတန်းကျောင်းသားဘ၀က တပ်မတော်နေ. ကျပန်းစကားပြောပြိုင်ပွဲမှာ ရန်ကုန်တိုင်းအဆင့် ဒုတိယရတော့ ကျောင်းက ကျနော်အတွက် ဂုဏ်ပြုပွဲ လုပ်ပေးပါတယ်။ အဲဒိပွဲမှာ ကျနော်က အခုဆုကို ကျနော်မယူပဲ ကျနော့်ဖေဖေ တက်ယူသင့်ပါတယ်လို. ပြောတော့ ဖေဖေနဲ.မေမေအပါအ၀င် ပရိသတ်အားလုံး ၀ိုင်းရယ်ခဲ့ကြတာ အခုထိ မှတ်မိနေဆဲပါ။

တကယ်တော့ အဲဒိအချိန်က ကျနော်ပြောခဲ့တာ ဟာသအနေနဲ. မဟုတ်ခဲ့ပါ။

ကျနော့်ဖေဖေနဲ. မေမေသာ သာမန်မိဘတွေဖြစ်ခဲ့ရင် ကျနော့်မှာ အဲဒိလောက် လုပ်နိုင်စရာ အခြေအနေမျိုး ရှိလာနိုင်ဖို. မလွယ်လှပါ။

ဒါကို ကျနော်သာ အသိဆုံးပါ။
… …

သို.
ဖေဖေနဲ.မေမေ

အခုအချိန်မှာ သားရရှိပိုင်ဆိုင်ခွင့် ရနေတာတွေ အားလုံးအတွက် … … ကျေးဇူး အထူးပါ။ ။

သတိရခြင်းများစွာဖြင့်
သားကြီး ကျော်စွာ

Monday, September 28, 2009

ရွာအပြန်အမောများ

မင်းဘူး-ပွင့်ဖြူ-ဆင်ဖြူကျွန်း ကားလမ်းဘေးတစ်နေရာက ရှောက်တောမြို.လေးရဲ. အ၀င်မှာ အေးချစ်မြိုင်ကားပေါ်က ကျွန်တော် ဆင်းခဲ့ပါသည်။ ရန်ကုန်မှ လိုက်ပါလာသည့် အဝေးပြေးကားပေါ်မှ ဆင်းဆင်းချင်း အညာရနံ.ကို ရှုရှိုက်ခွင့်ရသည်။ ဆယ့်ငါးနှစ်ကျော် ခွဲခွာခဲ့ရသည့် အညာမြေသည် ရုတ်တရက် ပြန်ရောက်လာသည့် အခါတွင်လဲ နွေးထွေးစွာ ကြိုနေဆဲလို. ခံစားရပါသည်။

ထိုအချိန်မှာ ရောင်နီမလာသေးပါ။ ဒီဇင်ဘာနှင်းက ပိတ်နေတာမို. အနားက အကြော်ဆိုင်မှာ မီးလှုံပြီးမှ ခရီးဆက်ဖို. စဉ်းစားလိုက်ပါသည်။ ရွာဖက်ကိုသွားမည့် လူတစ်ယောက်နှင့် အကြော်ဆိုင်တွင် စကားစပ်မိပြီး လှည်းကြုံလိုက်ဖို. အဆင်ပြေသွားသည်။ မဟုတ်လျှင် ရှောက်တောမှ ကျွန်တော်သွားမည့် ဇီးတောရွာကလေးကို ရောက်ရန် ဆည်ရေလွှတ်သည့် မြောင်းဘောင်တစ်လျှောက် တစ်နာရီလောက် လမ်းလျှောက်ရမှာဖြစ်သည်။

ဖုန်တလိပ်လိပ်နဲ. လှည်းလမ်းတစ်လျှောက်မှာ ယာတောဆင်းလာတဲ့ လယ်သူမတွေနဲ.တွေ.ရပါသည်။ နေ.လည်စာထည့်သည့် ဒန်ချိုင့်ကိုယ်စီနှင့် ဖြစ်သည်။ ပဲသိမ်းချိန်ဖြစ်သဖြင့် တံစဉ်ကိုင်လာသူတွေက ပဲစင်းငုံချိတ်ဖို. သွားကြတာဖြစ်မည်။ သို.မဟုတ် နေကြာချိတ် သွားသူများလည်း ဖြစ်နိုင်သည်။ တချို.နေကြာခင်းတွေ မသိမ်းရသေးတာကို အ၀ါရောင်ပန်းခင်းကြီးအဖြစ် လှည်းပေါ်မှမြင်နေရသည်။ တူရွင်းငယ်ကိုယ်စီ ကိုင်လာကြသူများကတော့ သေချာသည်။ မုန်းချောင်းနံဘေးက မြေနုကျွန်းတွေဆီကို ကြက်သွန်ဖော်ဖို. သွားကြလိမ့်မည်။

ပြီးခဲ့သည့် လယ်စိုက်ချိန်မှစပြီး အလုပ်သမားခတွေ ဈေးတက်သည်ဟု လှည်းမောင်းလာသူက လယ်သူမများကို ကြည့်ရင်း ရှင်းပြပါသည်။ တစ်နေ.အတွက် နေ.စားခ ရှစ်ရာကျပ်မှ နှစ်ရာတိုးပြီး တစ်ထောင်ဖြစ်သွားခြင်းဟု သိရသည်။ လုပ်အားခများ ၂၅% တိုးသည် ဟုပြောနိုင်မည်ထင်သည်။ သို.သော် စာလေးမတောက်တခေါက်ဖတ်ပြီး Poverty Line တို. Human Development Index တို.လို စကားလုံးတွေကို ကြားဖူးနားဝရှိနေသော ကျွန်တော့်အဖို. သူတို.၏လက်ရှိဝင်ငွေအပေါ် စိတ်မသက်မသာ ဖြစ်သွားရပါသည်။

အဆင်ပြေကြရဲ.လားဟု ကျွန်တော်ကမေးသောအခါ ဒီလိုပါပဲဟု လှည်းဆရာက ဖြေသည်။ သို.သော် လမ်းတလျှောက်မြင်နေရသည့် အလုပ်သမများ၏ ဒန်ချိုင့်အားလုံးတွင် လက်ဖက်အကြမ်းနည်းနည်း၊ ပဲခြမ်းကြော်နည်းနည်းကို ဆီပါရုံဆမ်းပြီး မာဆတ်ဆတ်ထမင်းကြမ်း တစ်ခဲနှင့်ရောကာ နေ.လည်စာအဖြစ် ထည့်လာမည်ကို ကျွန်တော်အတတ်သိနေသည်။ သူတို.ကိုယ်တိုင်က သူတို.ဘ၀ကို စိတ်ညစ်ရကောင်းမှန်း မသိသောအခါ မွန်းကြပ်လာသည့် ကျွန်တော့်မှာ သက်ပြင်းကိုသာ ချလိုက်မိပါသည်။

ရင်းနှီးခဲ့ဖူးသည့် အသံတစ်ချို.ကို ရွာမရောက်ခင် လယ်ပြင်စပ်မှာ စကြားရသည်။ ကျွန်တော့်အရီးလေး မတင်အေးအသံလဲပါသည်။ ကျွန်တော့်ထက် အသက်နှစ်နှစ်သာကြီးသည့် အရီးလေးက ရွာမှာ ကာလသမီးခေါင်းဖြစ်နေပြီ။ လယ်များများပိုင်သူတွေက စိုက်ချိန်၊ သိမ်းချိန်ဆိုလျှင် သူမနှင့်ညှိရနှိုင်းရသည်။ ဘယ်သူ.လယ်ဘယ်နေ.စိုက်မည်။ ဘယ်သူ.စိုက်ခင်းကို ဘယ်သူတွေလုပ်မည် စသဖြင့် သူမကစီမံနိုင်သည်။ ကုန်းဇောင်းရွာ၏ အလုပ်သမားရေးဝန်ကြီးဟု ကျွန်တော်တခါတရံ နောက်သောအခါ မူလတန်းသာ အောင်ခဲ့သော ကျွန်တော့် အရီးလေးခမျာ နားမလည်သဖြင့် မရယ်နိုင်ရှာပါ။

တစ်ရွာလုံး ဆွေမျိုးမကင်းကြသူများဖြစ်ရာ ကျွန်တော်ငယ်ငယ်တည်းက အားလုံးက ၀ိုင်းချစ်ကြပါသည်။ ယခုလည်း ကျွန်တော့်ကိုမြင်မြင်ချင်း သူတို.အားလုံး ပြေးလာကြသည်။ ၀မ်းသာအားရနှင့် တစ်ယောက်တစ်ပေါက် နှုတ်ဆက်သံများ ဆူညံသွားသည်။ မလေးကဘာလို.မပါတာလဲ၊ ဘကြီးကောမလိုက်လာဘူးလား၊ အရီးလေးဘယ်တော့လာမလဲ စသည့် သူတို.၏မေးခွန်းများကို ဖြေအပြီး အိတ်တွေကို ၀ိုင်းသယ်ဖို. သူတို.ရွာထဲကို ပြန်ဝင်ကြသည်။ ကျွန်တော် နောက်ဆုံးတစ်ခေါက် လာစဉ်က ခြောက်တန်းကျောင်းသား ကျွန်တော့်ကို မကြီးမငယ်နှင့် ချီပိုးပြီး လာကြိုခဲ့ကြတာကို ပြန်အမှတ်ရမိပါသည်။

ယခုတော့ ချီလို.ပိုးလို.ရသည့်အရွယ်ကို လွန်ခဲ့ပြီ။ ဆယ့်ငါးနှစ်ဆိုသည့် အချိန်သည် အခြေအနေတစ်ရပ်ကို ကောင်းကောင်း ပြောင်းလဲ ပစ်နိုင်သည့် ကာလ အတိုင်းအတာ ဖြစ်သည်။

သို.သော် ကျွန်တော်ချစ်သောရွာကလေးကမူ ဘာမှထူးခြားစွာ ပြောင်းလဲခြင်းမရှိသေး။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကအတိုင်း ရှိနေပါသေးသည်။

ရွာအ၀င်မှ မူလတန်းကျောင်းကလေး၏ နံရံများသည် ယခင်ကအတိုင်း ပေါက်ပြဲလျှက်ရှိသည်။ ကြမ်းပြင်ပေါ်တွင်ဝပ်ပြီး စာလိုက်ရေးနေသော ကျောင်းသားများကို နံရံအပေါက်အပြဲများမှ မြင်နေရသည်။ စာသင်ခုံမလောက်ငသဖြင့် ကျောင်းသားအရေအတွက်၏ သုံးပုံတစ်ပုံမှာ ခုံဖြင့်ထိုင်ခွင့်မရကြောင်း မနှစ်ကလေးတန်းအောင်သော်လည်း စီးပွားရေးမပြေလည်သဖြင့် ယခုနှစ်ကျောင်းထွက်လိုက်သည့် အတူပါလာသူ တူမငယ်ကပြောပြသည်။ သွပ်မိုးများပေါက်ပြဲနေပြီး အပေါက်များမှတဆင့် ကျောင်းသားများပေါ်သို.နေရောင်များ ထိုးကျနေသည်ကိုလည်း မြင်နေရပါသည်။

ကျောင်းဝင်းထဲရောက်နေသော ဆိတ်အုပ်ထဲမှ ဆိတ်ဖားကြီးတစ်ကောင်ကို တစ်လှည့်စီခွစီးနေသော ကျောင်းသားများကိုလည်း မြင်နေရသည်။ ကျောင်းသားနှင့် ဆရာအင်အား မမျှတသဖြင့် ဆရာ၊ဆရာမများလည်း ကျောင်းသားများကို မထိန်းအား။ စာသင်သည့် အလုပ်တစ်ခုတည်းကိုပင် တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် မနည်းလုံ.လထုတ်နေရသည်။ ကျောက်သင်ပုန်းကို တဖုန်းဖုန်းရိုက်သံများ ဆူညံနေသည်။

အချို.ကျောင်းသားများက လေးခွတစ်လက်ဖြင့် သစ်ပင်ပေါ်သို. ပစ်ခတ်နေကြသည်။ ငှက်တစ်ကောင်ဖြစ်စေ၊ ရှဥ့်တစ်ကောင်ဖြစ်စေ အပျင်းပြေ ပစ်နေကြခြင်းဖြစ်မည်။ ကျွန်တော်တို. ညီအကိုတစ်သိုက်လည်း ငယ်စဉ်က လေးခွပစ်ခဲ့ဖူးကြပါသည်။ လူကြီးများဆူသည့်ကြားမှ သရက်သီး၊ စာကလေး၊ ရှည့် တွေ.တွေ.သမျှကို ကျွန်တော်တို. လက်တည့်စမ်းခဲ့ကြသည်။

အမှန်တော့ လေးခွသည် ဆော့စရာ ရှားပါးလှသော ကျေးလက်မှ ကလေးငယ်များအတွက် ကစားစရာတစ်ခုသာဖြစ်သည်။ ရန်ကုန်မြို.ပေါ်က ကလေးအများစု တီဗီဂိမ်းတွေ၊ ကွန်ပြူတာဂိမ်းတွေနှင့် ယဉ်ပါးနေချိန်မှာ သူတို.ကနွားကျောင်းနေရပါသည်။ နွားစာစဉ်းနေရသည်။ ကောင်တာစတွိုက်ဆိုတာ သူတို.ဘာမှန်းမသိကြ။ ပါဝါရိန်းဂျားနှင့် ဟယ်ရီပေါ်တာဆိုလျှင် ပိုလို.တောင်ဝေးဦးမည်။ ဟက်ပီးဝေါမှာ တိုက်ကားစီးတဲ့အကြောင်းပြောပြလျှင် သူတို.လေးတွေဥာဏ်ပြေးလွန်းမှ ထွေလာဂျီချင်း တိုက်ကြတာလောက်ကို မြင်ယောင်နိုင်ပါလိမ့်မည်။ ဒီအတွေးတွေက အဝေးကြီးမှ လာခဲ့ရသူ ကျွန်တော်၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်သလို ရှိသည်။

ဆော့နေရင်းမှ လမ်းမပေါ်ရောက်လာသော ကျောင်းသားလေး တစ်ယောက်နှင့် ဆုံမိပါသည်။ အသက်က ၁၀ နှစ်ခန်.တော့ရှိမည်ထင်ပါသည်။ စကားပြောကြည့်မိသည်။ ကြီးလာရင်ဘာလုပ်မလဲဟု မေးသောအခါ ဆရာပြောင်လုပ်မယ်ဟု ပြောသဖြင့် ကျွန်တော်ကိုယ်တိုင်၏ ငယ်ဘ၀ကိုသတိရပြီး ပြုံးမိပါသည်။ ထိုကလေးငယ်ပြောသည့် ဆရာပြောင်သည် ဆရာဝန်မဟုတ်သည့် ဆရာဝန်ဖြစ်သည်။ ကျွန်တော်တို. ငယ်စဉ်ကတည်းက ကျန်းမာရေးနှင့်ပက်သက်ပြီး သူ.ကိုသာအားကိုးရသည်။ ရွာနီးချုပ်စပ်တွင် ဆေးထိုးအပ်ရှိသူမှာလည်း သူတစ်ဦးတည်းဖြစ်သည်။ သူ၏ထင်ရှားလှသော မဟာနဖူးကြောင့် သူ.ကိုဆရာပြောင်ဟု အားလုံးက ကင်ပွန်းတပ်ထားကြသည်။ ကျွန်တော်တို.ငယ်ငယ်က ကလေးများအားပြောမရလျှင် ဆရာပြောင်လာပြီဟု ပြောလိုက်ပါက ချက်ချင်းလိုလို ငြိမ်သွားကြသည်။ ကလေးအားလုံးက သူ.ဆေးထိုးအပ်ကို ဒေဝေါထက်ကြောက်သည်။ ဆရာပြောင်သည် ရွာဦးကျောင်းဆရာတော်၏ ပံ့ပိုးမှုဖြင့် ကျောင်းတက်ရင်း ဆယ်တန်းအောင်ခဲ့ရာ နောက်ပိုင်းတွင် ကျန်းမာရေးမှုး သင်တန်းတက်ပြီး ရွာတွင် ဆေးမှုးဖြစ်လာသည် ဟုသိရသည်။

ဆရာပြောင်၏ ကုသမှုသက်တမ်း တစ်လျှောက်တွင် ဖိတ်စဉ်ခဲ့သည်များရှိသလို ပျောက်ကင်းခဲ့သည်များလည်းရှိသည်။ မည်သို.ပင်ဆိုစေ ဆရာဝန်မရှိသောအရပ်၌ ဆေးပုလင်းပေါ်မှ စာများကိုဖတ်တတ်သူမှာ သူတစ်ဦးတည်းသာ ရှိသည်ဖြစ်ရာ ရပ်ရွာမှအလေးထား နေရာပေးမှုကို ရရှိသူဖြစ်ပါသည်။ အနှီကလေးငယ်သည် ဆရာဝန်ကိုမမြင်ဖူးသူဖြစ်ရာ ဆရာဝန်များကို အထင်လည်းမကြီးတတ်၊ အားကျရကောင်းမှန်းလဲ မသိပေ။ သူ.ဘ၀တွင် သူရဲကောင်းအဖြစ် အားကျနေရာပေးခံရသူမှာ ဆရာပြောင်သာ ဖြစ်တော့သည်။

ထို.ကြောင့် ကြီးလာရင် ဆရာပြောင်လုပ်မယ်ဟု ပြောသောကလေးငယ်၏ မျှော်လင့်ချက်အိပ်မက်ကို ကြားရသောအခါ ကျွန်တော်ရုတ်တရက် ၀မ်းသာသွားပါသည်။ ဘ၀အတွက် ရည်မှန်းချက်ရှိသော ကလေးတစ်ဦးကို မမျှော်လင့်ဘဲ တွေ.ရသောကြောင့် ဖြစ်သည်။ သို.သော် ကြာကြာဝမ်းမသာနိုင်ပါ။ ဒီလိုနေရာမျိုးတွင် ဒီလိုအခြေအနေဖြင့် ဆေးမှုးဖြစ်ချင်သူ ကျောင်းသားလေးမှာ ကျန်းမာရေးမှုးသင်တန်း တက်ရဖို.ဝေးစွ၊ ဆယ်တန်းအောင်ရန်ပင် မလွယ်နိုင်သည်ကို စိတ်ထဲကအလိုလိုသိနေရာ ရင်ထဲမှာလေးသွားရပါသည်။ ထိုကလေးကို အားပေးချင်ပါသည်။ သို.သော် ကျွန်တော်ကိုယ်တိုင်ပင် အားမရှိသလိုဖြစ်နေသဖြင့် ကျန်းမာရေးမှုးဖြစ်ချင်သော ကျောင်းသားလေး၏ ချေးအထပ်ထပ်ဝင်နေသာ လက်ကလေးများကိုကိုင်ရင်း နှုတ်ဆက်ကာ ထွက်လာခဲ့ရပါသည်။

ကျွန်တော့်အဘွားအိမ် ရောက်ရောက်ခြင်း အိပ်ယာပေါ်မှာ နားနေသည့် ကျွန်တော့်ဦးလေးဖြစ်သူကို တွေ.ရပါသည်။ ဦးလေးက တစ်ရွာလုံးမှာ ပထမဦးဆုံးဘွဲ.ရသူဖြစ်သည်။ စီးပွားရေးလည်း အတော်ပြေလည်သည်။ လွန်ခဲ့သည် နှစ်ရက်က ငရုတ်ခင်းကို ဆေးဖြန်းရင်း မြွေအကိုက်ခံရရာ တစ်ရွာလုံးတွင် တစ်စင်းတည်းရှိသော သူတို.အိမ်မှ ထွေလာဂျီဖြင့် လေးမိုင်အကွာမှ ပွင့်ဖြူတိုက်နယ်ဆေးရုံသို. သွားခဲ့ရသည်။ မြွေဆိပ်ဖြေဆေးကို ကျပ်ငါးသောင်းပေးပြီး ထိုးခဲ့ရသည်။ ကံကောင်းထောက်မစွာ ဆေးရုံတွင် မြွေဆိပ်ဖြေဆေးရှိနေသဖြင့် ကျွန်တော်ရောက်သောနေ.သည် သူအသုဘချသောနေ.မဖြစ်ခဲ့ကြောင်းပြောပြီး သူကရယ်ပါသည်။

ကျွန်တော်ကတော့မရယ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ.လိုကံမကောင်းသော လူပေါင်းများစွာ ရှိနေကြောင်း ကျွန်တော်သိနေခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ အရွယ်ကောင်းသော လယ်ယာလုပ်သား ရာပေါင်းများစွာသည် နှစ်စဉ် မြွေကိုက်ခံရပြီး မရဏမင်း၏ သားကောင်အဖြစ် ရောက်နေကြရသည်။ ကျွန်တော်တို. ရွာကလေးတွင်ပင် တစ်နှစ်လျှင် အနည်းဆုံး တစ်ဦး မြွေကိုက်ခံရပြီး အသက်ဆုံး နေရသည်။

ထိုသို.သော အခြေအနေမျိုး ကြုံတွေ.နေရသောဒေသမှ ဆေးရုံတွင် အဘယ်ကြောင့် မြွေဆိပ်ဖြေဆေး အဆင်သင့် မရှိရပါသနည်း။ အဘယ့်ကြောင့် အချိန်မရွေး ကုသမှု မပေးနိုင်ရပါသနည်း။ တစ်နေ.လုပ်အားခ တစ်ထောင်ကျပ်ဖြင့် ရပ်တည်နေရသူများအတွက် အသက်ဆက်နိုင်မည့် ဆေးတစ်လုံးသည် အဘယ့်ကြောင့် ငါးသောင်းကျပ်ဖြစ်နေရပါသနည်း။ ဆရာဝန်များအစား ဆရာပြောင်များကို အဘယ်ကြောင့် ကျွန်တော်တို. အားကိုးနေရပါသနည်း။ လူပေါင်းများစွာကို မြေကြီးအောက်သို. နှစ်စဉ်ပို.နေသည်မှာ လယ်ယာလုပ်ငန်းခွင်မှ မြွေဆိုးများလား၊ ဆင်းရဲမွဲတေမှုလား၊ အခြားတစ်ခုလား စသည့် လားပေါင်းများစွာ၊ အဘယ့်ကြောင့်ပေါင်းများစွာကိုတွေးရင်း သက်မတစ်ခုချလိုက်မိပါသည်။

"ရန်ကုန်သားရောက်နေတယ်ဆိုလို.၊ ဒီကောင်ဘယ်မှာလဲ"
သူငယ်ချင်းဇော်လွင်၏ အသံဖြစ်သည်။ သူနှင့်ကျွန်တော်က တစ်နေ.တည်း မွေးခဲ့ကြပြီး ငယ်စဉ်ကတည်းက စားအတူ၊ ဆော့အတူဖြစ်ရာ ညီအကိုတွေထက် ရင်းနှီးသည်။ သူလာသည်ကိုသိသဖြင့် ကျွန်တော် ထွက်တွေ.သောအခါ သူ၏ သုံးနှစ်အရွယ် သမီးငယ်လေးကိုပါ တွေ.လိုက်ရသည်။ မတွေ.ရတာ ဆယ့်ငါးနှစ်ကြာပေမယ့် ကျွန်တော်တို.ဆက်ဆံရေးက နှစ်ဦးစလုံးကို နွေးထွေးစေမြဲဖြစ်သည်။ ကျွန်တော်က တစ်ခါမှ မတွေ.ဖူးသေးသည့် သူ.အမျိုးသမီးနှင့် မိတ်ဆက်ပေးရန်ပြောတော့ သူကအိမ်လိုက်ခဲ့ရန် ခေါ်သဖြင့် ကျွန်တော်လိုက်သွားရသည်။

လမ်းတစ်လျှောက်လုံးတွင် တွေ.သမျှလူကို ရယ်ပြရ၊ လာနှုတ်ဆက်သမျှလူကို ပြန်နှုတ်ဆက်ရဖြင့် ကျွန်တော်လဲ သူငယ်ချင်းအိမ်ရောက်မှ သူနှင့်စကားပြောရသည်။ သူတို.မိသားစုလေးက ပျော်စရာလေး ဖြစ်ပါသည်။ စီးပွားရေးအရ ကသီလင်တမဖြစ်ဘဲ အလျှင်မီသည့် အခြေအနေကို တွေ.ရသဖြင့် ၀မ်းသာရပါသည်။

"ဟကောင်ရ၊ သူတို.က ခုဒီဟာစိုက်ခိုင်း၊ ခုဟိုဟာစိုက်ခိုင်းနဲ. ၀မ်းစာရတာတောင် မင့်ကောင်တော်လို.မောင်ရင်ရ။ ရွာထဲမယ် သူများတွေဆို စပါးပေးတွေ၊ ပဲပေးတွေ ယူပြီး ကြွေးထဲနစ်နေပြီဟ။"
လွတ်လပ်စွာစိုက်ပျိုးခွင့်မရှိသည် စီမံကိန်းလယ်ယာမြေစံနစ်၏ ဒုက္ခသုက္ခများကို သူငယ်ချင်းက သူနားလည်သော စကားလုံးများဖြင့် ရင်ဖွင့်ခြင်းဖြစ်ပါသည်။ လယ်ယာလုပ်ငန်းခွင်များထဲသို. တစ်ကြိမ်မှ မရောက်ဖူးသူများ၊ ဒေသ၏ ရေမြေရာသီဥတုနှင့် စိုက်ပျိုးရေးစံနစ်များကို နားမလည်သူများက အဝေးမှအမိန်.အာဏာများ ချမှတ်ကာ တစုံတရာ လုပ်ဆောင်ခိုင်းသောအခါ သူတို.မှာ လိုက်နာရန် အခက်ကြုံကြရပါသည်။ သို.သော် ငြင်းဆန်ရန်မှာ ပိုလို.ပင် ခက်ခဲနေသေးသည်ဖြစ်ရာ ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ပြီးသာ လုပ်နေရကြောင်း သူငယ်ချင်းက ကျွန်တော့်ကို ရှင်းပြပါသည်။

"ပညာရှင်တွေချထားတဲ့ စီမံကိန်းလို.ပြောပြီး ငါတို.ကိုခိုင်းတာပဲ ငါ့ကောင်ရာ။ ခုတော့ နွေလယ်ပြေးလုပ်မိမှ ရွှေထည်လေးပြုတ်ရတယ် လို.တောင် ပြောနေကြပြီ။ ဟား ဟား။"
သူ.စကားသူသဘောကျပြီး ရယ်နေသော ကျွန်တော်သူငယ်ချင်းကို နားပေါက်ဟောင်းလောင်းနှင့် သူ.ဇနီးဖြစ်သူက ပြုံးနေရင်းက မျက်စောင်းထိုးပါသည်။ ကျွန်တော်ကတော့ နွေစပါး၊မိုးစပါး၊ နှစ်သီးစား၊ သုံးသီးစား စသော စီမံကိန်းများ၏ ထုထောင်းမှုများကြားတွင် ရယ်မောပျော်ရွှင်စွာ နေနိုင်သော သူငယ်ချင်းမိသားစုကို ပြုံးပြနှုတ်ဆက်ကာ ပြန်ခဲ့ပါသည်။

ကျွန်တော်တို. ဇီးတောရွာကလေးသည် ပွင့်ဖြူမြို.နယ်ကို ဖြတ်သန်းစီးဆင်းနေသော မုန်းချောင်း၏ မြောက်ဖက်ကမ်းနဖူးပေါ်တွင် တည်ရှိသော ရွာငယ်ကလေးဖြစ်သည်။ အိမ်ခြေ ၁၀၀၀ကျော်ရှိသည်။ ကျွန်တော်တို.ငယ်စဉ်က ရေဒီယိုမှ မကြာခဏ ကြားရသော ရေနံ.သာဝင်းမောင်၏ "မုန်းချောင်းကိုကျော်တဲ့အခါ ရောက်ပါတော့မယ် ကျမတို.ကုန်းဇောင်းရွာ" ဟူသော သီချင်းစာသားထဲတွင်ပါသည့် ကုန်းဇောင်းရွာနှင့် ကပ်လျှက်ဖြစ်ပြီး နာမည်ကျော် ကျောင်းတော်ရာ ဘုရားကြီး၏ တစ်ဖက်ကမ်းတွင်ရှိသည်။ ရွေစက်တော်ဘုရားတည်ရှိရာ ငဖဲတောင်စဉ်တန်းကို မှုန်ပြပြဖြင့်မြင်နေရပြီး ရေမြေရာသီကောင်းသည့် အပူပိုင်းမှ အိုအေစစ်ဒေသလေးဖြစ်သည်။

အားလုံးနီးပါးတောင်သူများ ဖြစ်ကြပြီး အညာသားဖြစ်ရသည်ကို ဂုဏ်ယူစိတ်အပြည့်ရှိသည့် ဒေသဖြစ်သည်။ ရိုးသားအေးဆေးပြီး ဖော်ရွေသူများဖြစ်သည်။ တစ်ရွာလုံးက ကျွန်တော့်ကို ချစ်ကြသည်ဖြစ်ရာ ကျွန်တော်ဘယ်အချိန်သွားသွား အားလုံးက အပြုံးဖြင့် ကြိုကြလိမ့်မည်ဖြစ်သည်။ သို.သော် အချို.အပြုံးများ ညှိုးနွမ်းနေသည်ကို တွေ.ရသောအခါ ကျွန်တော်ဝမ်းမသာနိုင်ဖြစ်ရပါသည်။ ယခင်က ဤရွာကလေးမှ လယ်ယာမြေများသည် သူတို.ကို လောက်ငရုံမက ပိုလျှံသည်အထိ ကျွေးမွေးထားနိုင်ခဲ့သည်။ ယခုအခါတွင်မူ သူတို.ထဲမှအများစုမှာ လွတ်လပ်စွာ စိုက်ပျိုးခွင့်နှင့် လွတ်လပ်စွာသယ်ဆောင်ရောင်းဝယ်ခွင့် မရှိသော စီမံကိန်း စိုက်ပျိုးရေးစံနစ်၏ ရိုက်ခတ်မှုဒဏ်ကြောင့် ဆင်းရဲမွဲတေမှုဖြင့် နပန်းလုံးနေရသည်။

ယခုနှစ်ဆိုလျှင် ခါတိုင်းထက်ပင် ပိုမိုဒုက္ခရောက်ဦးမည့်ပုံရှိသည်။ အခါမဲ့မိုးနှင့် စံချိန်တင် ရေကြီးမှုများကြောင့် ပဲစိုက်ခင်းများ မအောင်မမြင် ဖြစ်နေချိန်တွင် စပါးကိုသုံးသီးစားစံနစ်ဖြင့် တက်သုတ်ရိုက် စိုက်ပျိုးရသောကြောင့် ပေါင်းမြက်များ ထူထပ်ကာ အထွက်နှုန်းကျဆင်းမည့် အလားအလာများမြင်နေရသည်။ ဓာတ်မြေသြဇာနှင့် အခြားဆေးများ ဈေးနှုန်းသက်သာစွာ အလွယ်တကူ ၀ယ်ယူမရနိုင်သောကြောင့် ညှိုးချုံးခြောက်ကပ်ပြီး ကြို.တို.ကြဲတဲဖြစ်နေသော ပြောင်းခင်းများကိုလည်းမြင်နေရသည်။

ရွာသားအားလုံးပေါင်းစု ကောင်းမှုပြုသည့်အနေဖြင့် ရွာဦးကစေတီကိုတော့ ထုံးသင်္ဃန်း ကပ်မြဲကပ်ပါသည်။ သို.သော် တစ်မူးလောက်မှ မရသူတွေ တစ်ပဲတောင်မလှုနိုင်တော့ပြီ။ ရွာဦးကျောင်း ဆရာတော်ကတော့ လောဘ၊ ဒေါသ၊ မောဟမီးများ ပယ်သတ်ကြရန် ဒကာ၊ ဒကာမများအား တိုက်တွန်းပါသည်။

"ဒီနှစ်ရွာဘုရားပွဲမှာ ဖိုးချစ်ဇာတ်ထည့်ဖို. တစ်ရွာလုံးက အားခဲထားကြတာ။
ခုပုံအတိုင်းဆိုရင်တော့ လွယ်မယ်မထင်ဘူး။
ဘုရားပွဲကတော့ အစဉ်အလာဆိုတော့ ဖျက်လို.မဖြစ်ဘူး။
အဖြစ်လောက်ပဲဖြစ်ဖြစ် ပွဲဖြစ်အောင်တော့လုပ်ရမှာပဲ။"
ဆရာတော်၏ အားလျှော့သံကို ကြားရသောအခါ စကားစုတချို.က ကျွန်တော့်ခေါင်းထဲဝင်လာပါသည်။

"စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ.ဖြိုးတိုးတက်အောင် … … ..."

ကျွန်တော်တို. တိုင်းပြည်၏ ၀ါဒဖြန်.ချီရေး လှိုင်းတံပိုးအောက်မှ အစိုးရ၏ စိုက်ပျိုးရေး စီမံကိန်းများမှာ တောင်သူလယ်သမားများအတွက် နိဗ္ဗါန်ဘုံသို.၀င်ခွင့်လော၊ ပျားရည်ဆမ်းသောဓားသွားလော ဆိုသည်ကိုတော့ ကျွန်တော်အလေးအနက် စဉ်းစားနေမိပါတော့သည်။ ။




(ယခုစာစုကို နှစ်သက်ပါလျှင် Jeffrey D. Sachs ၏ The End of Poverty ကို ဖတ်ပါ။ မူရင်းအတွေးကို ထိုစာအုပ်မှ ရပါသည်။)

ငါသည်မင်းအပေါင်းတို.၏ ဧကရာဇ် ဖြစ်သည်



အိုဇမန်ဒိုင်းယက်စ် ကဗျာလေးဟာ အင်္ဂလိပ်စာဒုတိယနှစ် တက်တုန်းက သင်ခဲ့ရတဲ့ ပီဘီရှယ်လီ ရဲ. အကောင်းဆုံး လက်ရာတစ်ခုပါ။ ကျောင်းမှာသင်တုန်းက သိပ်နားမလည်လို. ရင်းနှီးတဲ့ ဆရာတစ်ယောက်ဆီကို သွားမေးတော့မှ ဒီကဗျာလေးရဲ. ဆိုလိုရင်းကို သေသေချာချာ သဘောပေါက်တာပါ။ ဆိုလိုရင်း အဓိပ္ပါယ်ကို ပိုနားလည်လေ ဒီကဗျာလေးကို ပိုစွဲလမ်းမိလေပါ။

အနောက်တိုင်းသား ကဗျာဆရာ တစ်ယောက်က ဗုဒ္ဓဘာသာဆန်တဲ့ သင်္ခါရသဘောတွေကို တွေးပြီး ရေးတတ်တာကို တော်တော်အံ့သြ လေးစားမိတယ်။ ပီဘီရှယ်လီဟာ ပြည့်စုံကြွယ်ဝတဲ့ နိုင်ငံရေးသမား တစ်ယောက်ရဲ. သားဖြစ်ပေမယ့် သြဇာအာဏာ၊ ခြွေရံသင်းပင်း၊ ချမ်းသာကြွယ်ဝမှုနဲ. ရာထူးအရှိန်အ၀ါ စတဲ့အရာတွေရဲ. မတည်မြဲမှုနဲ. လောကဓံတရားရှစ်ပါးရဲ. သဘောသဘာဝကို ဆင်ခြင်နိုင်သူ ဖြစ်ပါတယ်။

ခန္ဒာကိုယ် အပေါ်ပိုင်း မရှိတော့တဲ့ ခြေထောက်နှစ်ချောင်းပုံ ကျောက်ဆစ်ရုပ်ကြီး ကန္တာရထဲမှာ ရှိနေကြောင်း ပြန်ပြောပြခဲ့တဲ့ ရှေးဟောင်းမြို.ပျက်ကြီးတစ်ခုက ခရီးသွားတစ်ယောက်နဲ. ဆုံခဲ့တဲ့အကြောင်း ပီဘီရှယ်လီက ကဗျာအစမှာ ပြောထားပါတယ်။ အနားက သဲပြင်မှာ တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေတာကတော့ ကျောက်ဆစ်ရုပ်ရဲ. ယိုယွင်းနေပြီဖြစ်တဲ့ မျက်နှာပိုင်းပဲ ဖြစ်ပါသတဲ့။ ကျောက်ဆစ်ရုပ်ရဲ. ထီမထင်တဲ့နှုတ်ခမ်းအစုံနဲ. မျက်မှောင်ကြုံ.ထားတဲ့ မျက်နှာပေးဟာ ထုဆစ်သူ ပညာရှင်အနေနဲ. ကိုယ်ဟန်ပြနေသူရဲ. စိတ်နေသဘောထားကို နားလည်ကြောင်း ဖော်ပြလို.နေပါတယ်။

ငါ၏အမည် အိုဇမန်ဒိုင်းယက်စ် ဟုခေါ်သည်။ မင်းအပေါင်းတို.၏ဘုရင် ဧကရာဇ်ဖြစ်သည်။ ငါ၏ သြဇာပြည့်ဝသည့် ခန်.ညားဖွယ် လုပ်ဆောင်ချက်များကို ကြည့်လော့ … လို.အဓိပ္ပါယ်ရတဲ့ စာသားတွေကို ကျောက်ဆစ်ရုပ်ကြီးရဲ အောက်ခံခုံမှာ ထွင်းထုထားပါသေးတယ်။

ဒါပေမယ့် ယိုယွင်းနေတဲ့ ကျောက်ဆစ်ရုပ်ကြီး အနားမှာ ဟာလာဟင်းလင်း သဲကန္တာရကြီးကလွဲလို. ဘယ်အရာမှ မကျန်ရစ်တော့တဲ့အကြောင်းကို နောက်ဆုံးစာကြောင်းမှာ ပြောပြရင်း ကဗျာလေးကို အဆုံးသတ်ထားပါတယ်။

ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်သူဖြစ်စေ ပျက်စီးတတ်တဲ့ သင်္ခါရတရားကို လွန်ဆန်နိုင်မှာ မဟုတ်ကြောင်း ပီဘီရှယ်လီက အိုဇမန်ဒိုင်းယက်စ်ကို ဥပမာထားပြီး ပြောချင်တာလို. ထင်ပါတယ်။

အိုဇမန်ဒိုင်းယက်စ်ဟာ ရှေးဟောင်း အီဂျစ်နိုင်ငံတော်ရဲ. ဆယ့်ကိုးဆက်မြောက် ဖာရိုးမင်းဆက်မှာ တတိယမြောက် ဘုရင်ဖြစ်ပြီး အီဂျစ်နိုင်ငံသမိုင်းတွင် သြဇာအာဏာအကြီးဆုံး ဖာရိုးတစ်ပါးဖြစ်ပါတယ်။ User-maat-re Setep-en-re ဆိုတဲ့ ဘွဲ.အမည်နဲ. ရာစုနှစ်တစ်ခုနီးပါး နန်းစံခဲ့သူပါ။

အိုဇမန်ဒိုင်းယက်စ်လို ရာဇာတကာတို.ရဲ. ဘုရင် မင်းအပေါင်းတို.ရဲ. ဧကရာဇ်သည်ပင်လျှင် သူရဲ.သြဇာအာဏာကို ကမ္ဘာတည်သရွေ. တည်တံ့အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘူးဆိုတာ အာဏာတွေ၊ စည်းစိမ်ဥစ္စာတွေကို မက်မောပြီး လောဘ၊ ဒေါသတွေ ဖုံးလွှမ်းနေတဲ့ ပုဂ္ဂိုလ်တွေ သံဝေဂယူစေချင်ပါတယ်။ မတည်မြဲတဲ့ အနိစ္စတရားနဲ. ဆင်ခြင်တတ်မယ်ဆိုရင် အစိုးမရတဲ့အရာတွေအတွက် ပြုလုပ်မိနေတဲ့ ဒုစရိုက်တရားတွေကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ။

(မှတ်ချက်။ ။လေးစားရသော ဆရာတစ်ဦးက အသံထွက်အမှန်မှာ အိုဇမန်ဒီယာ့စ် ဖြစ်ကြောင်းပြင်ပေးထားပါသည်။ မူရင်းကဗျာကို ခံစားနိုင်ဖို. အောက်တွင် ဖော်ပြပေးထားပါသည်။)

http://en.wikipedia.org/wiki/Ozymandias