Saturday, October 23, 2010

သီရိမင်္ဂလာ နံနက်ခင်း

လန်ဒန်ရာသီဥတု ယခုရက်ပိုင်း အတော်ပြောင်းသည်။ နေမြင်ရချိန် နည်းသွားပြီး ကောင်းကင်တစ်ခွင်လုံး မှိုင်းမှိုင်းဝေ တိမ်တိုက်တို. ညိုနေသည်က များလေ၏။ မိုးသားတို. ပြိုမလို မှောင်မှောင်ရီ ညိုလေသောအခါ တစ်ကိုယ်တည်းကျနော့်မှာ အဝေးမှ ချစ်သူကို တမ်းတမိပါသည်။ သို.သော် အလုပ်လုပ်နေသည့် ချစ်သူကို ဖုန်းလှမ်းခေါ်ရန် မဖြစ်နိုင်သောအခါ လွမ်းမိသည့်အခါတိုင်းမှာ စာတွေသာ လှိမ့် ဖတ်နေရပါသည်။

ယခုကောက်ကိုင်မိသည့် စာအုပ်မှာ အင်္ဂလိပ်သတင်းစာဆရာတစ်ဦးက လန်ဒန်မြို.ရှိ ကော်လာပြာ လုပ်သားများကို လေ့လာရေးသားထားသော ယူကေနိုင်ငံထုတ် "London's Underpaid Armies" ဆောင်းပါးများပေါင်းချုပ် ဖြစ်ပါသည်။ ထိုဆောင်းပါးများကို ဖတ်ရင်းက မိမိ၏ ရန်ကုန် ကော်လာပြာ လုပ်သားများဘ၀ documentary လုပ်လက်စများကို သတိရလာပါသည်။ သတိတရ ရှိခိုက် Documentary လုပ်ရန် ရည်ရွယ်ထားသော script များကို ပြန်လည်မွန်းမံပြီး စာမျက်နှာပေါ်တွင် တင်ဆက်လိုက်ပါသည်။

ကျနော်တို. မိခင်ရင်ခွင်တွင် ပြန်လည်ခြေချခွင့် ကြုံခဲ့ပါလျှင် ယခုစာများအား ရုပ်သံဖန်သားပြင်ထက်သို. ရောက်အောင် တင်ဆက်ပါမည်။ ယခုတော့ စာသားများနောက်မှ ကျနော့်ကင်မရာကို မှန်းဆရင်း ရန်ကုန်မြို.ကို လည်ပတ်စေသည့် လူသားယန္တယားအချို.နှင့် စီးဝင်လိုက်ပါ လေ့လာကြည့်ကြပါခင်ဗျာ။

............. ..................... ...........................

နိုးတစ်ဝက်အိပ်တစ်ဝက် မက်တပ်ရပ်လျှက် ငိုက်မျည်းနေကြသော အမျိုးသမီးတစ်စုရှေ.တွင် ဒိုင်နာတစ်စီး ထိုးရပ်လာ၏။ အတန်ကြာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော မှတ်တိုင်ကလေးသည် ထိုခဏတွင် ခေတ္တမျှ သက်ဝင်လှုပ်ရှားသွားလေသည်။ နွမ်းဖတ်ဖတ် အနွေးထည်များအား ကိုယ်စီ ၀တ်ဆင်ထားကြသည့် အမျိုးသမီးများကို ဒိုင်နာကားခြေနင်းခုံ ခပ်မြင့်မြင့်ပေါ်သို. တက်ရလွယ်ကူစေရန် ယာဉ်နောက်လိုက်က တက်ကြွသောအသံ၊ မြန်ဆန်သော လှုပ်ရှားမှုဖြင့် ဆွဲတင်ပေးသည်။ အမျိုးသမီးများနှင့် အတူပါလာသော ဆွဲခြင်းများ၊ တောင်းများ၊ ဗန်းများကို ဒိုင်နာကား နောက်မြီးတွင် ခိုင်မြဲအောင် ချည်နှောင်လိုက်၏။ နေ.စဉ်လုပ်ငန်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဇာတ်တိုက်ရန်မလို၊ အပိုအလိုမရှိဘဲ မကြာမီပင် မီးရောင်များ ထိန်နေသော ကားကြီး ဆက်လက်ထွက်ခွာလေသည်။

မီးကြီးထိုးပြီး အပြင်းမောင်းနှင်နေသော ဒိုင်နာကားကြီးမှအပ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေသေးသည်။
အချိန်က မနက် ၃ နာရီ။

ဤအမျိုးသမီးတစ်စုကို တင်ဆောင်လာသော ၁၀၂ ဒိုင်နာကားသည် မြောက်ဥက္ကလာပမှ သီရိမင်္ဂလာဈေးသို. ပြေးဆွဲမည်ဖြစ်သည်။ မနက်စောစောထွက်သော ထိုကားများကို ကားလိုင်းများက ခေါင်ကား (ဂေါင်ကား) ဟုခေါ်ပြီး ပုံမှန်စီးနင်းသူများက ဈေးကြိုကားဟု ခေါ်ကြသည်။ ရန်ကုန်မြို.ကြီးတစ်မြို.လုံး အိပ်စက်နေချိန်တွင် ထိုသို.သော ဈေးကြိုကားများသည် မြို.နယ်အသီးသီးရှိ လမ်းကြိုလမ်းကြားများမှ ထွက်လာကြပြီး ရန်ကုန်မြို.၏ အဓိကညဈေးနှစ်ခုဖြစ်သည့် သီရိမင်္ဂလာကုန်စိမ်းဈေးနှင့် ဗဟိုစံပြငါးဈေးတို.တွင် စုဆုံကြသည်။

ထိုကားများကို ပုံမှန်စီးနင်းကြသူ အများစုသည် ရန်ကုန်မြို.ဈေးအသီးသီးမှ ကုန်စိမ်းရောင်းချသူများ၊ ငါးရောင်းချသူများ ဖြစ်ကြသည်။ မနက် ၆ နာရီ ဈေးဦးဖွင့်ချိန်အမီ ဆိုင်ခင်းကျင်းနိုင်ရန် ထိုအမျိုးသမီးများသည် ၂ နာရီမထိုးမီ အိပ်ယာမှ နိုးထခဲ့ကြရသည်။ ထို.ကြောင့်လည်း ကားတိုင်းလိုလိုတွင် ပါလာသော အမျိုးသမီးတိုင်းကို လေ့လာကြည့်လျှင် အိပ်စက်ငိုက်မြည်းရင်း လိုက်ပါလာကြသည်ကို တွေ.ရမည်ဖြစ်သည်။

မြောက်ဥက္ကလာခြောက်ကွေ.မှ စတင်ထွက်ခွာလာသော ထိုကားသည် န၀ဒေးရုပ်ရှင်ရုံ မရောက်မီ လူများ၊ ဆွဲခြင်းလွတ်များ၊ ခြင်းတောင်းလွတ်များဖြင့် ပြည့်နှက်သွား၏။ သို.သော် ကိစ္စမရှိ။ ရှေ.မှ ကုန်းမြင့်သာ၊ ရှစ်မိုင် စသော မှတ်တိုင်များသည် ကုန်စိမ်းရောင်းချသူများ နေထိုင်ရာနေရာ မဟုတ်သဖြင့် နောက်ခရီးသည်ကိုလည်း မျှော်ရန် မဖြစ်နိုင်တော့ပြီ။

သတ်မှတ်လမ်းကြောင်းဖြစ်သည့် ကျိုက်ဝိုင်းလမ်း၊ အင်းစိန်လမ်းအတိုင်း သမိုင်း၊ လှည်းတန်းမှ မသွားဘဲ ပြည်လမ်းမှဖြတ်မောင်းရန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို. အင်တာကွန်းမှတစ်ဆင့် တိုင်ပင်အတည်ပြုလိုက်ကြ၏။ စောစောရောက်လျှင် သီရိမင်္ဂလာဈေးရှေ.မှ ကောင်းကင်ရိပ် လက်ဖက်ရည်ဆိုင်တွင် ကျစိမ့်တစ်ခွက်ကို ဇိမ်ခပ်သောက်ရင်း ညကလွတ်သွားသည့် ပရီးမီးယားလိဂ်ပွဲကို ပြန်လည်ကြည့်ရှုနိုင်မည်ဟု ယာဉ်မောင်းဖြစ်သူက တွေးလိုက်သည်။

ရှစ်မိုင်လမ်းဆုံတွင် မီးပွိုင့်မိနေခိုက် အနားကပ်လာသည့် ချာတိတ်ထံမှ ထုံးစံအတိုင်း ရွှေပန်းနှစ်ကုံးနှင့် စံပယ်နှစ်ကုံးကိုယူပြီး နောက်ကြည့်မှန်တွင် ချိတ်သည်။ မီးစိမ်းသော်လည်း ပွိုင့်တွင် မိမိကားတစ်စီးသာ ရှိနေသဖြင့် ယာဉ်နောက်လိုက်ထံမှ ကောင်ကလေး ငွေယူပြီးသည်အထိ အေးအေးဆေးဆေး စောင့်နေလိုက်သည်။ ပြီးမှ ပြည်လမ်းဖက်သို. ချိုးချလိုက်သည်။ လမ်းကောင်းကောင်းတွင် ကားရှင်းနေချိန် မောင်းရသောကြောင့် သီရိမင်္ဂလာဈေးကြီးသို. နောက်ထပ် မိနစ် ၃၀ အကြာတွင် ရောက်သွားလေသည်။ ဒါတောင် အေဒီလမ်းမီးပွိုင့်တွင် ယာဉ်ထိမ်းရဲကို ယာဉ်နောက်လိုက်က နှစ်ရာတန်တစ်ရွက် ပြေးပြီး ပေးသည့်အချိန် ပွန်းသွားသေးသည်။

တိတ်ဆိတ်ငြိမ်သက်ပြီး အမှောင်ကျနေသည့် ရန်ကုန်တစ်မြို.လုံးနှင့် ဆန်.ကျင်စွာ သီရိမင်္ဂလာဈေးကြီးကား တောက်ပသော လျှပ်စစ်မီး အလင်းရောင်အောက်တွင် ဆူညံသက်ဝင် လှုပ်ရှားနေလေ၏။ အနယ်နယ်အရပ်ရပ်မှ ကုန်စိမ်းမျိုးစုံ တင်ဆောင်လာသော ဆယ်ဘီးကားအချို.လည်း ကုန်ချဆဲ၊ ကုန်သည်များလဲ ငွေရေတွက်ဆဲ ရှိနေသေးသည်။ ထိုကားတို.၏ တစ်ဖက်ခြမ်းတွင်မူ မြို.တွင်းသွား ခရီးသည်တင်ကားများ စီရရီ တန်းစီ ထိုးထားကြသည်။ အများစုက ဒိုင်နာများဖြစ်ပြီး ချက်ကြီးခေါ် ချက်ဘလက်ဗိုက်ပူများလည်း တစ်စီးနှစ်စီးစ ပါလေ၏။

ကြံ့ဖွံ.ရုံးရှေ.ရှိ သံဆူးကြိုး အတားအဆီး နေရာမှလွဲပြီး ကျန်နေရာများတွင် ကားများပြည့်နေသည်။ လွန်ခဲ့သောနှစ်ဆန်းက နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအား လူတစ်စုက ဤကြံ့ဖွံ.ရုံးရှေ.မှာပင် အသေ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးကတည်းက ဈေးရှေ.ရှိ ကားရပ်ရန်အကောင်းဆုံးနေရာကို သံဆူးကြိုးများဖြင့် ပိတ်ကာလိုက်ကြသည်။ နောက်ဆုံးတော့ မထူးတော့ပြီမို. လမ်းကြားထဲသို. ကားဝင်ရပ်လိုက်ရသည်။ ပြန်အထွက်တွင်တော့ စိတ်ရှုပ်ပြီး အချိန်ကုန်ရပေဦးမည်။

ကားရပ်သည်နှင့် ကုန်စိမ်းသည်မတို.ကား ဈေးထဲဝင်ပြီး ပွဲရုံဆိုင်တစ်ခုမှတစ်ခု ကူးကာသန်းကာဖြင့် တစ်နေ.တာ ရောင်းချရင်းနှီးဖို.အရေး ရှာကြ၊ ရွေးကြလေပြီ။ ကားသမားများအဖို. ခေတ္တနားနေချိန် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ကြိုရောက်နေသော မိတ်ဆွေ ဒရိုင်ဘာများရှိရာ စားပွဲတွင် ၀င်ထိုင်လိုက်၏။ မကြာမီ ကျစိမ့်တစ်ခွက် ရောက်လာသည်။ ဤဆိုင်တွင် လက်ဖက်ရည် မှာရန်မလို။ မိမိတို.အားလုံးကို ဆိုင်ဝန်ထမ်းများက အကြိုက်နှင့်တွဲပြီး မှတ်မိနေသည်။ တီဗီမှ ချစ်သောမဏိစန္ဒာ သီချင်း ဖွင့်ထားသောကြောင့် ဘောလုံးပွဲလိုင်းကို ပြောင်းပေးရန် ကောင်တာကို လှမ်းပြောရာ အခြေအနေအရ စလောင်းခဏ ဖြုတ်ထားသည်ဟု ပြန်ဖြေ၏။ ဘောလုံးပွဲ မကြည့်ရသဖြင့် သူစိတ်ညစ်သွားပြီး မင်းတို.က တစ်ခါလာလဲ မဏိစန္ဒာပဲဟု ပြောမိပြောရာ ပြောပစ်လိုက်သည်။ ခဏအကြာတွင်တော့ သူ.အကြိုက် မြန်မာပြည်သိန်းတန်၏ ရွှေသုန္ဒရီ သီချင်းကို ကြားရလေသည်။

ယာဉ်နောက်လိုက်ဖြစ်သူကတော့ ကားပါကင်ထိုးပြီးကတည်းက ထုံးစံအတိုင်း ယာဉ်မောင်းကို လက်ညှိုးတစ်ချောင်းထောင်ပြပြီး ပျောက်သွားပြီဖြစ်၏။ လက်ညှိုးတစ်ချောင်းသည် တစ်ဆက်ရှင်ဟု သူတို.နားလည်ထားသည့် တစ်နာရီတိတိအချိန်တွင် ပြန်လာမည်ဟု ဆိုလိုရင်းဖြစ်သည်။ ဈေးအပေါ်ထပ်ရှိ အနှိပ်ခန်းမှောင်မှောင်လေးတွင် ခဏတာ အပန်းဖြေမည်ဟု ထင်လိုက်မိသည်။ အရင်းပြုတ်နေသော ကုန်စိမ်းသည်မ ငယ်ငယ်ရွယ်ရွယ်တစ်ဦးနှင့် ငြိနေခြင်းကြောင့် ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်သည်။

သို.သော် ကိုယ့်သမိုင်း ကိုယ်ရေးကြသူချင်း ဘာမှဝင်ပြောရန် မရှိချေ။ မိမိလည်း ငယ်စဉ်က ဆိုးခဲ့ပေခဲ့၏။ စပယ်ယာဘ၀မှ ယခုဂွေကိုင်ရပြီး မိသားစုလဲရ အရွယ်လဲ ကျလာချိန်တွင်တော့ မဆိုင်သည့်ကိစ္စ တော်တော်များများကို မမြင်ဟန်သာ ဆောင်နေခဲ့တော့သည်။ အခုကိစ္စမျိုးကတော့ မမြင်ဟန် မဆောင်လို.လဲမဖြစ်။ ခေါင်းခန်းတက်စီးပြီး အအေးခန်းဧည့်ရိပ်သာများ အနီးတ၀ိုက်တွင် ဆင်းသွားတတ်ကြသည့် စုံတွဲငယ်ငယ်လေးများကို ကိုယ်က သွားဆုံးမလို. ရသည်မဟုတ်ပေ။ ကိုယ်က သူတို.ပိုက်ဆံယူပြီး ထမင်းစားရသူသာ ဖြစ်သည်။

သီရိမင်္ဂလာကုန်စိမ်းဈေးသည် စီးပွားရေးကောင်းသည့် ဈေးကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး အလုပ်လုပ်ကိုင်သူ များပြားလှသည်။ ငွေရှာ၍ကောင်းသလို ရှာဖွေရရှိသည့်ငွေကို ပြန်လည်နှိုက်ယူထားမည့် အရာပေါင်းစုံကလဲ အဆင်သင့်ဖြစ်သည်။ စည်ပင်မှ ဈေးသစ်ကြီးဖွင့်ပြီး မကြာမီ ဟက်ပီးဝေါခေါ် ကစားကွင်းကြီးကို ဈေးအပေါ်ထပ်တွင် ပထမဆုံး လိုင်စင်ချထားပေးလိုက်သည်။ ထို.နောက်တွင်တော့ အခန်းများကို နာရီပိုင်းရယူနိုင်သည့် ဈေးပေါပေါ တည်းခိုခန်းတစ်ခု ထပ်ပေါ်လာသည်။ ယခုတော့ ဗျုတီဆလွန်းအမည်ခံ အနှိပ်ခန်းများလည်း ရှိလာပြီး ငွေသာရှိလျှင် ဘာမဆိုဖန်တီးနေနိုင်ပြီ ဖြစ်သည်။

တည်းခိုခန်းနှင့် ဗျုတီဆလွန်းတို.ကဲ့သို. ဈေးအုပ်ချုပ်ရေးမှ ချပေးထားသော တရားဝင် လုပ်ငန်းလိုင်စင်များက အမှောင်ကမ္ဘာတွင် အလုပ်အကိုင်ပေါင်း များစွာ ထပ်မံဖန်တီးပေးထားသည်။ ရောင်းသူဝယ်သူ အသံတူဖို.တော့လိုသည်။ ဘာပြသနာမှ မဖြစ်သရွေ. အောက်ထပ်မှ စည်းကမ်းမဲ့ ဈေးသည်များကို ဆူပူကြိမ်းမောင်းတတ်သည့် ရဲသားများကလဲ အပေါ်ထပ်ရှိ ဆိပ်ငြိမ်ရာလေးသို. လာလေ့မရှိပေ။ ရံဖန်ရံခါ လာရောက် အပန်းဖြေခြင်းမျိုးသာ ရှိချင်ရှိမည်။ သာမန်အချိန်များတွင်တော့ မြေညီထပ်ရှိ သူတို.၏ ကင်းရုံလေးအတွင်း အေးအေးလူလူ နားနေကြပေလိမ့်မည်။ ကိုယ့်အထာနှင့်ကိုယ်၊ ကိုယ့်ချိတ်နှင့်ကိုယ်၊ ကိုယ့်ဂွင်ကိုယ်ပိုင်သလို ရှင်သန်လှုပ်ရှားကြသော နေရာစစ်စစ် ဖြစ်လေသည်။

ထိုသို. ရဲသားများ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အေးအေးလူလူ နားနေချိန်တွင်တော့ ကုန်စိမ်းဒိုင်လုပ်သားများ၊ အထမ်းသမားများနှင့် ကုန်စိမ်းသမများမှာ အော်ကြရောင်းကြ၊ ရွေးကြဆစ်ကြ၊ ၀ယ်ကြသယ်ကြနှင့် အသီးသီးအသက အလုပ်ရှုပ်နေရလေသည်။ ဒိုင်များအချင်းချင်းလဲ ဈေးစနည်းနာကြ၊ ကုန်စိမ်းသည်များလဲ တစ်ဒိုင်ဝင် တစ်ဒိုင်ထွက် ဈေးမေးကြ ဆစ်ကြ ရွေးကြဖြင့် တိတ်ဆိတ်စွာ အိပ်မောကျနေသည့် ပြင်ပလောကမှ ရန်ကုန်သားများကို လျစ်လျုရှုထားကြလေသည်။

မနက် ငါးနာရီတိတိတွင် ကားရပ်ထားရာ၌ အားလုံးပြန်ဆုံကြသည်။ ရံဖန်ရံခါ အထမ်းသမား တစ်ဦးဦးက ထမ်းခိုင်းလိုက်သည် ကုန်စိမ်းခြင်းကို လစ်ပြေးသည့်အခါ ပြာယီးပြာယာ ဗျာများရတတ်ပါသည်။ ထိုအခါမျိုးမှာ ရဲကင်းသို.သွားရန်မလို။ ကိုလတ်ဟုခေါ်သည့် လူမိုက်ခေါင်းဆောင်ကိုသာ အမြန်ရှာကာ ငွေလေးရာ ပေးလိုက်ပါ။ အချိန်မဆွဲရန်သာလိုသည်။ မိမိပစ္စည်း မပွန်းမပဲ့ မပျောက်မရှ ပြန်ရပါလိမ့်မည်။ ကြုံကြိုက်လျှင် နားရင်းဖျောင်ဖျောင် တီးသံကို နားထောင်ရင်း သီရိမင်္ဂလာဈေး ကုန်ထမ်းသမားများ၏ စည်းကမ်းထိမ်းသိမ်းရေး လမ်းစဉ်ကို လေ့လာခွင့် ကြုံပါလိမ့်မည်။ သို.သော် သွေးသံရဲရဲ မကြည့်ရဲသူများကတော့ မြ၀တီမှ လက်ဝှေ.ပွဲ ကြေငြာသလို မိမိတို.တီဗီ ခလုတ်များကို ကြိုပိတ်ထားရန် လိုလေသည်။

အားလုံး လူစုံလျှင်တော့ အပြန်ခရီးစဉ် စကြပြီ။ အချိန်ကလဲ ငါးနာရီ ကျော်ပြီ။ လူတစ်ချို.လဲ လမ်းပေါ်ထွက်ပြီ။ မြောက်ဥက္ကလာပ လမ်းကြောသို. အပြန်ကားများကတော့ ဆင်မလိုက်၊ လှည်းတန်း၊ သမိုင်းနှင့် ရှစ်မိုင်ကဲ့သို. မှတ်တိုင်များကို အားထားရပါသည်။ လူရတတ်သော ထိုနေရာများတွင် ခဏတဖြုတ် ရပ်လေ့ရှိသည်။ သို.သော် ပုံမှန်ကတော့ ခြောက်နာရီမထိုးခင် မိမိတို. မှတ်တိုင်များသို. ပြန်ရောက်လေ့ ရှိသည်ပင်ဖြစ်သည်။

အလာတုန်းက မှောင်ကုပ်ကုပ် မှတ်တိုင်ကလေးသည် အပြန်တွင်တော့ လင်းလင်းချင်းချင်း ရှိနေပြီ။ သို.သော် အအေးဓာတ်နှင့် တိတ်ဆိတ်မှုက ကျန်နေဆဲဖြစ်၏။ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းသည်က မောင်းထွက်သွားပြီဖြစ်သည့် ဒိုင်နာကား အင်ဂျင်သံနှင့် ဈေးသမများကို စောင့်ကြိုနေသည့် ဈေးကြိုဆိုက်ကားများမှ ကလင်ကလင် အသံများပင်ဖြစ်သည်။ မှတ်တိုင်ကလေးသည် ထိုခဏတွင် ခေတ္တမျှ ထပ်မံသက်ဝင် လှုပ်ရှားရပြန်လေသည်။ ပြီးလျှင် ခဏတော့ ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားပေဦးမည်။

မိမိတို.ကုန်စည်များကို ဆိုက်ကားပေါ်တင်ရင်း မှတ်တိုင်ကလေးကို နောက်ချန်ထားခဲ့သော ကုန်စိမ်းသမများအဖို.မူ တစ်နေ.တာအတွက် လှုပ်ရှားရုန်းကန် ရှေ.ဆက်ရဦးမည်။ နောက်တစ်နေ.တွင်လည်း ဤမှတ်တိုင်ကလေးသို. အချိန်မှန် ပြန်ရောက်ရဦးမည်။ ဘ၀၏ တစ်နေ.တာကို မပြောင်းမလဲ အားခဲရှေ.ဆက်ရဦးမည်။

မှတ်တိုင်ကလေးကတော့ လူသားတို.၏ ရိုးစင်းလှသော ဘ၀ကို အံ့သြတကြီး စောင့်ကြည့်နေမည်လား မပြောတတ်ပါချေ။ ။

ကျော်ဇွ
၁၈ အောက်တိုဘာ ၂၀၁၀

3 comments:

  1. အစ်ကို ထပ်ရေးအုံးလေ....အဲလိုကောင်းတာလေးတွေ...

    ReplyDelete
  2. Happy Birthday...:) Wish you all the best

    ReplyDelete