Saturday, October 16, 2010

ငါသည်ယာလက်ဖြင့်ဆန်စပါးရိက္ခာကိုပေးအံ့၊ ၀ဲလက်ဖြင့်ဝတ်စားတန်ဆာပေးအံ့။

ယနေ. Chile နိုင်ငံ တစ်ခုလုံး အောင်ပွဲခံသည်။ Chile နိုင်ငံ၏ အောင်ပွဲကို တစ်ကမ္ဘာလုံး စောင့်ကြည့် မုဒိတာ ပွားကြသည်။ မြေအောက်၌ နှစ်လကျော် ပိတ်မိနေသော မိုင်းတွင်းလုပ်သားများ မြေပြင်ပေါ်သို. ချောချောမွေ.မွေ. ပြန်ရောက်သောနေ. ဖြစ်သဖြင့် ၄င်းတို.အဖို. မင်္ဂလာရှိသော နေ.တစ်နေ. ဖြစ်သည်။ ကယ်တင်ခံ မိသားစုများ၏ ပြန်လည်ပေါင်းစည်းမှု အပျော်ကို တွေ.မြင်ရသူများလည်း မျှဝေခံစားနိုင်ကြလေသည်။

အပျော်ဖုံးသောစိတ်ဖြင့် သတင်းများ၊ ရုပ်ပုံများကို ကြည့်ရင်းက အတွေးနယ် ချဲ.မိသည်။ တွေးရင်းက ဆင်ခြင်စရာ အလားတူ ဖြစ်ရပ်များ ခေါင်းထဲသို. ၀င်လာ၍ ဤစာစုကို ရေးပါ၏။ ဖတ်ရှု သုံးသပ် ဆွေးနွေး ဆုံးဖြတ်တော်မူကြပါကုန်။

…………………. ………………….. ……………………..

အီရတ်စစ်ပွဲကာလက ဖြစ်ပါသည်။ ဘဂ္ဂဒက်မြို. ကျပြီးသော်လည်း အမေရိကန်တပ်တို. အုပ်ချုပ်ရေးတွင် မစိုးမိုးနိုင်သေး။ မြေပြင်တိုက်ပွဲများ ဆင်နွှဲနေရသေးသည်။ စစ်အပြင်းတိုက်ရင်း အုပ်ချုပ်ရေး ယန္တယားကို အမြန်တည်ဆောက်နေရသည့် ကာလ ဖြစ်သည်။ အိမ်ရှင်တို.၏ ပြန်လည်တုံ.ပြန်မှုကလဲ ပြင်းထန်လှသည်။ အီရတ်ပြောက်ကျားများဖက်က ဖမ်းဆီးရမိသွားသော ဓားစာခံများ အရှင်ပြန်လွတ်သည်ဟူ၍ မရှိပေ။ ထိုသို. ဆိုးဝါးလှသော အခြေအနေတွင် စိတ်ဝင်စားဖွယ် နိုင်ငံရေး အနေအထားတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

အမေရိကန်ကုမ္မဏီအတွက် အီရတ်တွင် အလုပ်လုပ်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ထရပ်ကားမောင်းသူ အရပ်သား တစ်ဦးအား ဆက်ဒမ်ဟူစိန် ထောက်ခံသူ ပြောက်ကျားများက ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ဖိလစ်ပိုင်သည် အမေရိကန်၏ အမာခံ မဟာမိတ်ပီပီ အီရတ်စစ်ပွဲကို ထောက်ခံခဲ့သူ ဖြစ်သည်။ ဖိလစ်ပိုင်စစ်တပ်မှ ကျွမ်းကျင်ပညာရှင်များကို အီရတ်စစ်ပွဲအတွက် စေလွှတ်ထားခဲ့သည်။ ထိုတပ်သားအားလုံးကို အီရတ်မှ ပြန်ရုတ်သိမ်းရန် ပြန်ပေးဆွဲသူများက တောင်းဆိုခဲ့ကြ၏။

ပြန်ပေးဆွဲခံရသော ထိုထရပ်ကား ဒရိုင်ဘာကို တစ်ကမ္ဘာလုံးရှိ စောင့်ကြည့်လေ့လာသူ အများအပြားက အသေဟုသာ တွက်ထားလိုက်ကြသည်။ နိုင်ငံတစ်ခုနှင့်တစ်ခု စစ်ဖြစ်ချိန်တွင် နိုင်ငံသားတစ်ဦး အသက်စွန်.သွားရခြင်းက အဘယ်မျှလောက် အရေးကြီးပါသနည်း။ အစိုးရတစ်ရပ်၏ပေါ်လစီနှင့် နိုင်ငံသားတစ်ဦး၏အသက် ဘယ်အရာက ပိုအရေးကြီးပါသနည်း။ ထိုအချိန်က အမေရိကန်တပ်သား အတော်များများပင် အီရတ်တွင် ခေါင်းဖြတ်ခံရပြီး ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ အာရိုယိုနှင့် သူမ၏ ကက်ဘိနက်အတွက် အတော်ပင် ခေါင်းခြောက်ရသည့်ကိစ္စ ဖြစ်ပါသည်။

လူအများ ထင်မထားသည့် ကိစ္စများ ဖြစ်လာခဲ့လေသည်။
အာရိုယိုအစိုးရ ဘာလုပ်ခဲ့ပါသနည်း???
ဖိလစ်ပိုင်အစိုးရသည် အီရတ်သို. စေလွှတ်ထားသော ဖိလစ်ပိုင်တပ်အားလုံးကို ပြန်လည်ခေါ်ယူပြီး
မိမိနိုင်ငံသား ထရပ်ကားဒရိုင်ဘာ၏ အသက်ဘေးမှ လွတ်မြောက်ရေးကို ရွေးချယ်ခဲ့လေသည်။

နိုင်ငံတကာ သံတမန်လောက (အထူးသဖြင့် အနောက်ကမ္ဘာ) တွင် ထိုဖြစ်ရပ် အလွန်ပင် ပွက်လောရိုက်သွားလေ၏။ အကြမ်းဖက်သမားများကို အလျှော့ပေးသူ၊ ရန်သူနှင့် အပေးအယူလုပ်သူဟု ၀ါရှင်တန်က ဝေဖန်သည်။ အာရိုယိုကမူ သူမ၏ ဆုံးဖြတ်ချက်အတွက် လုံးဝနောင်တမရကြောင်း ပြောခဲ့သည်။

အင်တာဗျုးတစ်ခုတွင် သူမပြောခဲ့သည်က ရှင်းသည်။
ထိုထရပ်ကားဒရိုင်ဘာသည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကို အဓိက ကျားကန်ပေးထားသော နိုင်ငံတကာရောက် ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားများကို ကိုယ်စားပြုသည်။ ထိုကဲ့သို.သော အခွန်ထမ်းပြည်သူများအား အစိုးရက မည်မျှ တန်ဖိုးထားသည်ကို ယခုလုပ်ရပ်ဖြင့် ပြသခြင်းဖြစ်သည်ဟု ပြောခဲ့ပါသည်။ ဖိလစ်ပိုင် တစ်နိုင်ငံလုံး လက်ခုပ်တီးကြလေသည်။ ဖိလစ်ပိုင် အတိုက်အခံတို. ဘာပြောနိုင်မည်နည်း ??? မည်သူက ဝေဖန်နိုင်မည်နည်း ???

တစ်ခါက ဖိလစ်ပိုင် သံတမန်တစ်ဦးနှင့် တွေ.ဆုံရသဖြင့် အဆိုပါဖြစ်ရပ်ကို စကားစပ်ပြီး မေးကြည့်မိဖူးသည်။ သူကတော့ အစိုးရဆုံးဖြတ်ချက်သည် ရေရှည်အတွက်လဲ အကျိုးရှိခဲ့သည်ဟု ဆိုသည်။ ထိုဆုံးဖြတ်ချက်က အရှေ.အလယ်ပိုင်းတွင် အလုပ်လုပ်နေသော ဖိလစ်ပိုင်လုပ်သား တစ်သန်းခွဲကို အီရတ်စစ်ပွဲကာလ တစ်လျှောက်လုံး ဘေးကင်းစေခဲ့သည်ဟု ဆိုသည်။ ထိုအချိန်က အီရတ်တစ်နိုင်ငံတည်းမှာပင် ဖိလစ်ပိုင်လုပ်သား ၄၀၀၀ ပတ်ဝန်းကျင်ရှိရာ ဖိလစ်ပိုင်အစိုးရ အနေဖြင့် နောက်ရွေးကောက်ပွဲတွင် မဲမည်မျှ ပိုရမည်ကို ခန်.မှန်းကြည့်နိုင်လေသည်။ အစိုးရနှင့် ပြည်သူကြားမှ WIN-WIN solution ဖြစ်ပါသည်။ မြန်မာသံရုံးများ၏ နိုင်ငံတကာရောက် မြန်မာများအပေါ် ဆက်ဆံပုံကို မြင်ရကြားရသည့်အခါတိုင်း ကျနော့်မှာ အီရတ်စစ်မြေပြင်တွင် ထရပ်ကားမောင်းနေသော ဖိလစ်ပိုင်နိုင်ငံသားများကိုသာ ပြေးမြင်မိပါသည်။

ယခုလဲ ချီလီမိုင်းလုပ်သားအရေး ပေါ်လာပြန်သည်။ လက်ရှိအာဏာရသူအနေဖြင့် ရွေးချယ်ခွင့်/ဆုံးဖြတ်ခွင့် ရှိသည့် အခြေအနေတွင် မီဒီယာကိုလည်းကောင်း၊ အခြေအနေကို လည်းကောင်း အကောင်းဆုံး အသုံးချသွားနိုင်ပြီး သူ၏ နိုင်ငံရေးဂုဏ်သိက္ခာကို လိမ်မာပါးနပ်စွာ တည်ဆောက်ရင်း၊ ပြည်သူများကို စောင့်ရှောက်သွားနိုင်သည်ကို တွေ.ရပြန်လေသည်။ သမ္မတကိုယ်တိုင် မိုင်းလုပ်သားများအရေးကို အလေးပေးကြောင်း ပြသသည်။ ငွေကုန်ကြေးကျခံပြီး ကယ်ဆယ်သည်။ မီဒီယာကို အသုံးချပြီး ကယ်ဆယ်ရေးလုပ်ငန်းကို promotion လုပ်သည်။ ကမ္ဘာကျော်သတင်းလဲ ဖြစ်ခဲ့သည်။အာဏာလက်ကိုင်ထားသူနှင့် အခွန်ထမ်းပြည်သူကြားမှ Another WIN-WIN Solution ဖြစ်ပါသည်။

နောက်ရွေးကောက်ပွဲတွင် ချီလီမိုင်းလုပ်သားများ မည်သူ.ကို မဲထည့်မည်ဟု စာဖတ်သူ ထင်ပါသနည်း ??? ချီလီမိုင်းတွင်းလုပ်သားများ သတင်းကို စောင့်ကြည့်ရင်း ဖားကန်.တွင် သတင်းကိစ္စဖြင့် ခရီးသွားစဉ်က မြင်တွေ.ခဲ့ရသည့် ဒေသခံစစ်တပ်နှင့် အာဏာပိုင်တို.၏ ကျောက်စိမ်းတွင်း လုပ်သားများအပေါ် ဆက်ဆံပုံများကို ပြန်သတိရမိပါသည်။ ထိုလုပ်သားများကို လာမည့်ရွေးကောက်ပွဲတွင် မည်သူ.ကို မဲထည့်မည်နည်းဟု တစ်ဦးချင်း လိုက်မေးလိုက်ချင်သည်။ အစိုးရ၀န်ထမ်းများကိုလဲ ထိုမေးခွန်းကိုသာ မေးချင်နေမိသည်။

အမှန်တော့ (ခပ်ကြမ်းကြမ်း ပြောရပါလျှင်) သဘာဝဘေးအန္တရာယ်များသည် အစိုးရတစ်ရပ်အဖို. နိုင်ငံတော်၏ ဘဏ္ဏာငွေကို သုံးပြီး နာမည်ကောင်းရအောင် ဖန်တီးနိုင်သည့် ဂွင်များဟုပင် ဆိုနိုင်သည်။ လက်ရှိအစိုးရများ အနေဖြင့် နိုင်ငံရေးအရ ပါးနပ်လျှင် ပါးနပ်သလောက်၊ ဆင်ခြင်ဥာဏ်ရှိလျှင် ရှိသလောက်၊ ကိုင်တွယ်တတ်လျှင် တတ်သလောက် အတိုက်အခံများကို နောက်ကောက်ချနိုင်သည့် နိုင်ငံရေး အကွက်ကလေးများ ဖြစ်ပါသည်။

လှိုင်မြို.နယ် ဘာတာမီးလောင်မှု၊ နာဂစ်မုန်တိုင်း၊ ပဲခူးရေကြီးမှု၊ မင်္ဂလာဈေးမီးလောင်မှု စသည်တို.ကစပြီး ယခုလတ်တလော မန္တလေးရေကြီးမှုအထိ မြန်မာအစိုးရ၏ လုပ်ရပ်များကို သုံးသပ်ကြည့်သောအခါ စေတနာ မရှိသည်လား၊ နိုင်ငံရေးပါး မ၀သည်လား၊ လုပ်နိုင်သည့် အရည်အချင်း အလျဉ်း မရှိသည်လားတော့မသိ။ ယခုတင်ပြခဲ့သည့် အာရိုယိုနှင့် ချီလီသမ္မတတို.လို လုပ်ဆောင်ချက်မျိုး မမြင်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်စဉ်က စစ်အစိုးရက disaster ကို propaganda အတွက် သုံးလေမည်လားဆိုသည့် စိုးရိမ်မှုဖြင့် စောင့်ကြည့်ခဲ့ဖူးသည်။ လက်တွေ.တွင် အစိုးရတစ်ရပ်အနေဖြင့် တက္ကသိုလ်ကျောင်းသားများ စုဖွဲ.ပြီး ခေါက်ဆွဲထုပ်ဝေသည့် လုပ်ရပ်လောက်ကိုပင် ချက်ချင်း မလုပ်နိုင်ခဲ့ပေ။ ထုံးစံအတိုင်း ကယ်ဆယ်ရေးအစား အဖုံးအဖိများ၊ အလိမ်အညာများဖြင့်သာ မုန်တိုင်းပြီးစ ကာလများတွင် အလုပ်ရှုပ်နေခဲ့လေသည်။ တရုတ်နိုင်ငံတွင် ဖြစ်သွားသော မြေငလျှင်ကိစ္စအား အစ်ကိုတော် ပေါက်ဖော်များက မည်သို.ကိုင်တွယ်သည်ကို မြင်သောအခါတွင်မှ နေပြည်တော် အဲယားကွန်းခန်းထဲမှ ဗိုလ်ချုပ်များ အူယားဖားယားဖြင့် ရဟတ်ယာဉ်များပေါ် ပြေးတက်ကြပါသည်။ အလာကောင်းသော်လည်း အခါနှောင်းလေပြီ။ နာဂစ်တွင် မြန်မာပြည်သူများက စစ်အစိုးရကို တော်တော်လေး ချဉ်သွားခဲ့လေသည်။

အမှန်တော့ ထိုကာလသည် အစိုးရမင်းများအဖို. မိမိလခထဲမှ မပွန်းမပဲ့ဘဲ အစိုးရဘတ်ဂျက်ဖြင့်ပင် အချောင် နာမည်ကောင်းယူနိုင်သည့် အခွင့်အရေး ဖြစ်၏။ ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ရသည်မှာ စစ်အစိုးရက အနှစ် ၂၀ လုံးလုံး သက်သေပြခဲ့သော အစိုးရအဖြစ် မထိုက်တန်မှုများ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ Psychological Warfare မှ လာသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖို. ယခုဆွေးနွေးခဲ့သော အချက်များကို မသိဘဲ နေမည်မဟုတ်။ ပြည်သူ.ဒုက္ခ ငါနဲ.မဆိုင်ဟု သဘောထားလိုသောကြောင့်သာ အဓိကဖြစ်သည်ဟု ကျွန်တော်ကတော့ မြင်မိပါသည်။ အမှန်တကယ်လဲ စေတနာသာ ပဓာနမို. စေတနာကို မရှိလို.ပါဟု သုံးသပ်ရမလိုပင်ဖြစ်သည်။

ပုဂံခေတ်က ကျန်စစ်သားသည်ပင် "ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စားတန်ဆာ ပေးအံ့" ဟု ပြောခဲ့ဖူးကြောင်း မှတ်သားခဲ့ရဖူးသည်။ ကျန်စစ်သားမင်းသည် psy-war ကို မသင်ခဲ့ရသော်လည်း နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အနေဖြင့် မည်သည့်အလုပ် လုပ်သင့်သည်ကို နားလည်ခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိခေါင်းဆောင်ကမူ သုံးတန်းဖတ်စာကို ကျေညက်ပါ၏လောဟု သံသယ၀င်ဖွယ် ဖြစ်ပါသည်။

ယခုလဲ မန္တလေးတွင် ရေကြီးနေပြန်သည်။
မြန်မာအစိုးရက ပြည်သူကို ရင်ဝယ်သားကဲ့သို. သဘောထားနိုင်မည့်ကာလကို
မြန်မာနိုင်ငံသား အားလုံးက စောင့်မျှော်နေကြလေသည်။

သည်းသည်းလှုပ် ကျော်ဇွ
၁၄ အောက်တိုဘာ ၂၀၁၀

........... ........... ........

"ရွှေစည်းခုံစေတီကျောက်စာ"

ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။
အချို့ လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။

များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိကွဲ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။
ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့။
ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။

ကျန်စစ်သားမင်းကြီး
၁၁ ရာစု ပုဂံပြည်

No comments:

Post a Comment